Tuesday, March 15, 2011

ညနေခင်းတစ်ခုမှ အဖြစ်အပျက်လေး


ခုတင်ထားသည့် ဒီပို့စ်သည် တကယ့်ဖြစ်ပျက်ခဲ့သည့် အတွေးလွန်သမား တစ်ယောက်အကြောင်းကို ဖျော်ဖြေမှုတစ်ခုလေး အနေနဲ့ တင်ပြသွားမှာဖြစ်ပါသည်။ အဲ့ဒီအတွေးသမားက သူဘယ်လောက်အတွေးလွန်သလဲဆိုရင် အောက်မှာ တင်ပြထားသည့်အတိုင်း တွေ့ရပါလိမ့်မည်။
မကြာသေးခင် လွန်ခဲ့သည့်တစ်ရက်လောက်က အဲ့ဒီလူသည် ညနေ ၄နာရီလောက်မှာ ရေမိုးချိုးဖို့ ရေပုန်းလေးတစ်ခုကို ဆွဲပြီးသွားလေး တစ်တိုက်တိုက်နှင့်ပေါ့။ အဲ့... ရေမချိုးသေးခင် သွားတိုက်ရင်း ဟိုငေးဒီငေး ဟိုအကြောင်း ဒီအကြောင်းတွေးရင်း ဆပ်ပြာထဲထားသည့် ရေပုန်းလေးကို ခဏချထားလိုက်မည်ဟု ဆုံးဖြတ်ပြီး ရေပုန်းလေးကို အမြင့်နေရာတစ်ခုသို့ လှမ်းတင်လိုက်သည်။ အမြင့်နေရာဆိုတာက သိပ်မမြင့်ပါ ခါးသာသာလောက်မြင့်ရုံလေးပါ၊ ရုတ်တရက် ရေပုန်းက တင်မနေဘဲ ပြန်ကျလာသည် ဘုန်း..ဂလုန်... ခွပ်..ခွပ်..ဒေါက်..ဒေါက်။ သူက ``အမေလေးကွာ အရေးထဲ``၊ ဟောဗျာ... ဆပ်ပြာဘယ်ရောက်တာပါလိမ့်``၊ သူသည် ဆပ်ပြာတုန်းကို လှည့်ပတ်ရှာသည်။ ``အော်.. အော်.. မင်းက ဒီမြက်ကြားထဲ လာပုန်းနေတာကိုး``ဟု သူပြောလိုက်သည်။ ဆပ်ပြာတုန်းလေးကို တွေ့သွားပြီမို့ သူပြုံးပြီး ဆပ်ပြာခွက်ထဲကိုပြန်ထည့်လိုက်ပြီး အဲ့ဒီဆပ်ပြာခွက်ကို ရေပုန်းထဲကို အသာအယာပြန်ထည့်ထားရင်း ``ဒီတစ်ခါတော့ ငြိမ်ငြိမ်နေနော် မင်းကိုလိုက်ရှာရတာ ဖတ်ဖတ်ကိုမောလို့``ဟု ခပ်တိုးတိုးလေး ပြောလိုက်ပြီး ရေပုန်းလေးကို တစ်နေရာမှာ သေသေချာချာချထားသည်။

အဲ့ဒီလိုဖြစ်နေပေမယ့် သူ့၏အတွေးက ပြတ်မသွားဘူးခင်ဗျား၊ အဲ့ဒါနဲ့ သွားတိုက်ရင်းတန်းလန်းနှင့် မဆီမဆိုင် သူ အိမ်သာဖက်သို့ လှည့်သွားသည်။ အိမ်သာတက်ချင်တာလည်းမဟုတ် အိမ်သာပေါက်ဝမှာ ငုတ်တုတ်ထိုင်ပြီး အိမ်သာရေပုန်းထဲကရေကို ခပ်ပြီး ပလုတ်ကျင်းနေသည်၊ အသေအချာ ပလုတ်ကျင်းပြီးမှ ``ဟ``ဆိုပြီး သူချက်ချင်း မတ်တတ်ရပ်လိုက်သည်။ ဘေးဘီဟိုဒီ လှည့်ပတ်ကြည့်လိုက်ပြီး ``တော်သေးတာပေါ့ ဘယ်သူမှ မမြင်လိုက်လို့၊ နို့မို့ဆို ငါအရှက်ကွဲပြီ``ဟု တစ်ယောက်တည်း တတွတ်တွတ်နဲ့ ရေရွတ်လိုက်ပါတော့သည်ခင်ဗျား။

အဲ့ဒီတော့ ဒီက ကျနော့်ပို့စ်လေးကို ဖတ်နေတဲ့ သူငယ်ချင်းများကရော အဲ့ဒီလူ ဘယ်သူများထင်ပါသလဲ? အဲ့ဒီလူ.... အဲ့ဒီလူ....




ပျော်ရွှင်ရယ်မောနိုင်ကြပါစေ...

ဆရာမ၏ လိပ်စာအညွှန်း


တစ်နေ့ အကျွန်ုပ်သည် အကျွန်ုပ်တို့ လိမ်မော်ခြံထဲသို့ဝင်ပြီး လေ့လည်ကြည့်ရင်း စိတ်မကောင်းစွာနှင့် စိတ်မောကိုယ်မော တဲလေးဆီသို့ ပြန်လာခဲ့ပြီး ၀ါးလုံးနဲ့ရစ်လုပ်ထားသည့် ထိုင်ခုံရှည်ပေါ် ခပ်ပြင်းပြင်းထိုင်ချလိုက်သည်။ အား…. အောင်မလေးဗျဟု ငယ်သံပါအောင်ကို အော်မိသွားခဲ့သည်။ စောစောတုန်းက ဆေးဘက်ဝင်သည့် အဆူးပါ အပင်လေးသုံးလေးပင်ကို နုတ်ယူခဲ့ပြီး အဲ့ဒီထိုင်ခုံထဲ ခဏချထားခဲ့တာကို သတိမထား ခပ်ပြင်းပြင်း စိတ်ပျက်လက်ပျက်နဲ့ ထိုင်ချလိုက်ခြင်းဖြစ်သည်။ ကျွနုပ်သည် ခုန်ဆွခုန်ဆွဖြစ်သွားခဲ့သည် နာလိုက်တာ မပြောနဲ့ အော်လိုက်သည့် အသံက ငှက်တွေတောင် လန့်ဖျန့်သွားသည်။ တော်သေးတာပေါ့ ထိုင်ခုံက နေဒဏ်မိုးဒဏ်ကြောင့် ဆွေးနေလို့ခင်ဗျား၊ နို့မို့ဆိုရင် တင်ပါးတစ်ခုလုံး ပေါက်ပြဲသွားလောက်ပေသည်။

မကြာပါဘူး လူကြီးတစ်ယောက် ခြံထဲသို့ ပြေးဝင်လာသည်။ ကျွန်ုပ်၏ ဦးလေး၊ အသက်လေးဆယ့်ငါးနှစ်။ သူက ဟေ့… အိုက်လင်း ဘာဖြစ်တာလဲ၊ စောစောက အော်သံကြားရသလိုပဲ ဘယ်သူလဲ၊ မင်းအော်တာလား.. မင်းဘာဖြစ်လို့လဲ၊ ကျားဆွဲခံရတယ်ထင်လို့ အမောတကောပြေးလာတာတဲ့။ ဟာ… ဘယ်ကလာ ကျားကိုက် ကျားဆွဲရမှာလဲ ဦးကြီးတော်ကလည်း၊ ဒီမှာ တွေ့ဘူးလား ဒီဆူးပင်ပေါ် ထိုင်မိလို့ နာလို့ ဘယ်သူမှ မကြားနိုင် လောက်ဘူးဆိုပြီး အော်လိုက်တာ။ ဖွဖွ.. ဖွဟိုက်… ကျား ဆင် မြွေ မျောက် သရဲခြောက် ပျောက်စေ ကင်းစေ ဝေးဝေးသွားဟ ဆိုပြီး ဂါထာတစ်ပုဒ် ထုတ်လိုက်ရခဲ့သည်။ ဦးလေးက အော်…ဒါလေးများ မင်းက သေမလောက်အောင်ကို အော်နေတာ အံ့ရောကွာ၊ ငါ ငယ်ငယ်တုန်းကဆိုရင် မီးခဲပေါ် ချော်လဲခဲ့တာ တစ်ချက်တစ်လေမှ မင်းလောက်မအော်ခဲ့ဘူး ငါငိုရုံပဲငိုတာတဲ့လေ။

ဒီလိုနဲ့ ကျွန်ုပ်က ကဲ့.. လာဗျာ ထိုင်ပါအုန်းခင်ဗျား၊ ခင်ဗျား ငါးဖမ်းသွားစရာမရှိရင် ရေနွေးကြမ်းသောက်ရအောင် ဆိုပြီးဖိတ်ခေါ်လိုက်တော့ သူက ဟ ဟေ့ကောင် ဘယ်လိုပြောလိုက်တာလဲကွ ငါ့လို ဒီအသက်အရွယ်က ငါးဖမ်းသွားရမှာလား မင်းနှယ်ဟု ရှက်ကိုရှက်ကန်းဖြင့် ပြန်ငေါက်သည်။ ကျွန်ုပ်က အလိုက်သိသိနှင့်ပဲ အေးလေ မဖမ်းဘူးဆို မဖမ်းဘူးပေါ့… ကျနော်က ခင်ဗျားငါးဖမ်းသေးတယ်ထင်လို့ဟု ပြောလိုက်တော့ သူက မဖမ်းဘူးမဖမ်းဘူးဟေ့ ညတိုင်းပုတီးစိတ်တယ် ဖမ်းမယ်ဖမ်းငြား နောက်ထပ်မယားတစ်ယောက်ပဲ သွားဖမ်းမှာတဲ့လေ… ကျွန်ုပ်က အင်းအင်း.. ရလာရင်တစ်ယောက်တစ်ဝက်ပေါ့နော်။ ဦးလေးက ဟေ့ကောင် ပေါက်တတ်ကရတွေ မပြောနဲ့ တောကြီးတောင်ကြီးထဲ၊ မယားက ငါးမဟုတ်ဘူးကွ တစ်ယောက်တစ်ဝက်မဖြစ်နိုင်ဘူး မင်းတော်တော့ကွာ ရေနွေးကြမ်းသောက်မယ်။ ရုတ်တရက် သူက ရော့ဟေ့ကောင် ဆိုပြီးလှမ်း ပေးလိုက်တာ ကြည့်လိုက်တော့ ဆေးပြင်းလိပ် ဖက်ကြမ်းကြီးဖြစ်နေသည်၊ ဟာ.. တော်ပြီ တော်ပြီ သောက်တော့ဘူး အဲ့ဒီ ဖက်ကြမ်းကြီးနဲ့ စွဲသွားရင် ဒီတစ်သက်လုံး မိန်းမရနိုင်တော့မှာ ဟုတ်တော့ဘူး ဦးလေးပဲသောက်လိုက်တော့ဟု ကျွန်ုပ်ပြောသည်။ ဟုတ်ပါသည် စီးကရက်ဆိုရင်တော့ နည်းနည်း စတန့်ထွန်လို့ရသေး ဒီဖတ်ကြမ်းကြီးကတော့ ဘယ်လိုမှ စတန့်ထွန်လို့မရနိုင်ဘူးခင်ဗျား။

ဒီလိုနဲ့ ကျွန်ုပ်တို့ အလ္လာပသလ္လာပ ပြောကြရင်း ဦးလေးကစပြီး မေးခွန်းထုတ်သည်။ သူက နေပါအုန်း မင်းကဘာဖြစ်လို့ စိတ်ပျက်နေရတာလဲ၊ ဒါက မင်းတို့လိမ်မော်ခြံပဲ မင်းဂရုမစိုက်လို့ဖြစ်မှာပေါ့။ ကျွန်ုပ်က ဟုတ်ဘူး ဦးလေးရဲ့… ကျနော်လောက် ဂရုစိုက်တာဘယ်သူမှ မရှိနိုင်ဘူးထင်တယ်၊ ဒီကြားထဲ လိမ်မော်တွေက အပင်ရော အသီးပါ ထွားကိုမလာဘူး၊ ပျော့တိပျော့ရဲ သေးသေးလေးရယ် မြင်လိုက်ရင် အားရစရာကိုမရှိဘူး၊ ရောင်းစားပစ်လိုက်ရရင် ကောင်မလားလို့ တစ်ခါတစ်လေ တွေးမိတယ်ဗျာ။ ဟာ.. ဟေ့ကောင်.. ငါ့တူ အဲ့ဒီလိုမလုပ်နဲ့ မင်းကို ငါ အကြံတစ်ခုပေးလိုက်မယ်၊ အဲဒါ… မင်း ဒီလိမ်မောပင်တွေကို ဆေးထိုးရမယ်၊ ဆေးထိုးမှ ထွားမှာ၊ မင်း မတွေ့ဖူးဘူးလားကွာ.. ဟို လူတော်တော်များများ စီးပွားရေးလုပ်စားတဲ့သူတွေလေ.. သူတို့က အဲ့ဒီလိုလုပ်ကြတာတဲ့။ ဒီမှာငါ့တူ မှတ်ထားကွ ခုခေတ်က သိပ်ပံခေတ်ကွ၊ တိုးတက်တဲ့ခေတ် တိုးတက်တဲ့ခေတ်နော် မသေမချင်းမှတ်ထား၊ အရာတော်တော်များများမှာ သိပ်ပံပညာနဲ့ ပြီးတယ်၊ နည်းနည်းပါးပါး လေ့လာမှတ်သားအုန်းမှပေါ့။ အောင်မလေး… မိုးကြိုးပစ်တော့မှာပဲ သစ်ပင်ကိုဆေးထိုးရမယ်တဲ့လား၊ ဟုတ်မှပြောပါ ဦးလေးရာ ဒါက တောကြီးတောင်ကြီးထဲနော် ရွာထဲမဟုတ်ဘူးဟု ကျွန်ုပ်ပြောတော့ သူက ဟေ့ကောင် ဒါနောက်နေတာ မဟုတ်ဘူး တကယ်ပြောတာ၊ မင်း ငါပြောသည့်အတိုင်း စမ်းလုပ်ကြည့်၊ လိမ်မော်သူဌေးကြီးဖြစ်လာလိမ့်မယ်တဲ့။

အိမ်ပြန်ရောက်တော့ ကျွန်ုပ်တွေးလိုက်သည်… အင်း.. အဲ့ဒါ တကယ်ဆိုရင်… ပွတာပဲ၊ ပြီးတော့ တဆက်တည်း တကိုယ်တည်း နယ်ချဲ့တွေးမိလိုက်သည်၊ အင်… အဆင်မပြေသည့် အရာရာတိုင်းကို ဆေးထိုးလိုက်ရင် ကောင်းမယ်ထင်တယ်ဟု တွေးလိုက်သည်။ တွေးရုံနဲ့ မဖြစ်သေးဘူး အကောင်အထည် ဖေါ်မှဖြစ်မယ်၊ ဒီလိုဆိုရင် လောလောဆယ် အဆင်မပြေသေး ကိုယ့်ကိုကိုယ် ဆေးသွားထိုးမှဖြစ်မယ်ဆိုပြီး ဒေါက်တာယမ်းကု ရွာဆရာဝန်မဆီသို့ရောက်ခဲ့သည်။ ဟိုရောက်တော့ ဆေးခန်းထဲမှာ အမျိုးသမီးသုံးယောက် အသက်ခပ်ကြီးကြီး ယောက်ျားတစ်ယောက်တို့ ရောက်နှင့်နေသည်၊ ဒီတော့ ကျွန်ုပ်က နောက်ဆုံးမှ ဆေးကုသခံယူရမည်၊ သိပ်မကြာလိုက်ပါ ဆရာဝန်မက ဟေ့ကောင်လေး လမ်းလျှောက်နိုင်လား၊ လျှောက်နိုင်ရင် ၀င်လာခဲ့တဲ့… အမလေး ဆရာမ ခေါ်သံကြီးကို ကျွန်ုပ်ကို ခြေကျိုးလက်ကျိုး ပုံစံကြီးနှင့် လှမ်းခေါ်ပြောလိုက်သည်။ ကျွန်ုပ်က ဟုတ်ကဲ့ဆရာမ သိပ်အမြင့်ကြီး မဟုတ်တဲ့တောင်ဆိုရင် တက်နိုင်ပါသေးတယ်ခင်ဗျားဟု ပြောရင်းဆိုရင်း ၀င်သွားလိုက်သည်။ ရောက်လျှင်ရောက်ချင်းပဲ ဆရာမက မေးသည်၊ ဘာဖြစ်တာလဲ၊ ဖျားတာလား အပူရှက်တာလား၊ ထိခိုက်ဒဏ်ရာရလို့လားပေါ့နော်။ ကျွန်ုပ်က ဟုတ်ကဲ့ဆရာမ ကျနော်.. ဖျားတယ်လို့လည်းဟုတ်ဘူး၊ ထိုခိုက်ဒဏ်ရာတစ်ခုရှိလို့ ဆေးလာထိုးတာ ဆရာမဟု ပြောတော့ သူမက ပြစမ်းငါ့ကို ဘယ်နေရာလဲ၊ ဓါးဒဏ်ရာလား ပေါက်ဆိန်ဒဏ်ရာလား။ ပြစမ်း ပြစမ်းဆိုပြီး အတင်းဒဏ်ရာ ပြခိုင်းနေလေတော့သည်။ ကျွန်ုပ်က ရှက်ကိုးရှက်ကန်းဖြင့် ဟာ… ဆရာမကလည်း ဘယ်လိုလုပ်ပြမှာလဲ၊ အဲ့ဒဏ်ရာက ခန်ဓါကိုယ်ထဲမှာဗျ။ သူမက ဟေ့ကောင်လေး မင်း ငါ့ကို တမင်သက်သက် လာနောက်နေတာလားဟု ခပ်ထန်ထန်ပြောလိုက်တော့ ကျွန်ုပ်သည် အားနာသွားပြီး ဒီလိုပါ ဆရာမ မနေ့တုန်းက ကျနော့်ဦးလေး ကျနော့်ကို အကြံတစ်ခုပေးသွားတယ်၊ ခုခေတ်မှာ လူမပြောနဲ့ သစ်ပင်တောင်မှ ဆေးထိုးရင် ထွားလာတယ် နုပျိုလာတယ်တဲ့… အဲ့ဒါ.. ကျနော်ကလည်း ကောင်မလေးနဲ့ အဆင်မပြေဖြစ်ပြီး အသည်းကွဲနေတာ… ဆေးထိုးလိုက်ရင် ပျောက်သွားမယ်ထင်လို့ လာတာ၊ အဲ့ဒါ ပျောက်အောင် ဆရာမ ဆေးထိုးပေးနိုင်မယ် မဟုတ်လာခင်ဗျားဟု အသနားခံ မျက်နှာကြီးနဲ့ ပြောလိုက်တော့ သူမက အင်း… မင်းလိုကောင်လေးမျိုးနဲ့တော့ ခက်တော့တာပဲ၊ ကဲ့ကဲ့.. ငါကတော့ နင့်ကိုကုပေးဖို့ ဆေးမစုံဘူး၊ လိပ်စာရေးပေးလိုက်မယ် အဲ့ဒီကိုသွား… ကျွန်ုပ်က ဘယ်ကိုသွားရမှာလဲ ဆရာမ မြို့ကိုလား၊ ဟိုဖက်ရွာက ဆရာဝန်ဆီကိုလားဟု မေးတော့ ဆေးဆရာမက ပြောလိုက်သည်မှာ…. ´´အရူးထောင်´´ဟု တစ်ခွန်းတည်း ပြောချလိုက်လေ တော့သည်ခင်ဗျား။

မှာချင်ပါသည်။ ။
စာလုံးမှားလျှင် ကိုယ့်ဘာသာကို ပြင်ပြီးဖတ်သွားပါ၊ သို့မဟုတ် အဆီငေါ်မတည့်သည့် စကားဆက်တွေကို ခန်ဓါကိုယ်ကို စောင်း၍စောင်း၍ ဖတ်သွားလိုက်ပါခင်ဗျား။ ကျနော်က မြန်မာစာပေမှာ ကြွမ်းကျင်မှုမရှိပါဘူး၊ ခုထိ ညားနဲ့ ငြား စာလုံး၂ခုကိုတောင် မကွဲသေးဘူးခင်ဗျား။း)
အထူးသဖြင့် ခန်ဓါကိုယ်စောင်း၍စောင်း၍ ဖတ်ရမည့်သူများမှာ ကျနော့်၏ ဟာသစာပေကို အမြဲအားပေးနေကြသည့် ကျနော့်၏ ချစ်သူငယ်ချင်းများ ဖြစ်သည့် မမကြီး အမအင်ကြင်းသန့်နဲ့ ညီမလေးမြတ်မွန်တို့ နှစ်ယောက်ဖြစ်ဖို့များမည်။ သို့ပေမယ့် အမှတ်မထင် လမ်းကြုံ၍ ခလုတ်တိုက်ပြီး ၀င်ရောက်လာလည်ကြသည့် မိတ်ဆွေများကိုလည်း အဲ့ဒီလိုပဲ ဖတ်သွားကြပါလို့ မှာချင်သည်။



ချစ်ခင် ခင်မင် လေးစားစွာဖြင့်

ပြတော့ဘူး

ရွာကိုပြန်ရောက်သည့် နေ့တစ်နေ့မှာပေါ့၊ ကျနော်သည် ပျော်ပျော်နေတတ်တော့ ကြီးငယ်မဟူ ရွာသူရွာသားတွေက ကျနော့်ကို ခင်မင်ရင်းနှီးကြသည်။ ကျနော့်တို့အိမ်သည်လည်း နီးစပ်ရာရာ အိမ်နီးချင်း မိတ်ဆွေများ ကလေးများတို့ ပိုက်ဆံအကုန် မခံရဘဲ ပျော်ရွှင်ရအောင်ဆိုပြီး သူတို့ကို ညတိုင်းညတိုင်း ဗွီဒီယို အလကားပြပေးသည်။

များသောအားဖြင့် ဘာသာပြန်ဇာတ်ကား ပြပေးတာများသည်၊ သူတို့လည်း ဘာသာပြန်ဇာတ်ကားကို သူတို့ရည်းစားထက် စွဲနေကြသည်။ တစ်ခါလာလည်း ဘာသာပြန်ဇာတ်ကား နောက်တစ်ခါလည်း ဘာသာပြန်ဇာတ်ကား၊ ဘာသာပြန်ဇာတ်ကားမှ ဘာသာပြန် ဇာတ်ကားကိုပဲပြဖို့ အမြဲတောင်းဆိုတတ်ကြသည်။ ဘာသာပြန်ဇာတ်ကား ငှါးကြည့်သည့် ပြည်သူတွေဟာ မြို့သူမြို့သားတွေ သာမက ရွာသူရွာသားပါ အကြိုက်တွေ့ပြီး ငှါးကြည့်နေတော့ နိုင်ငံခြားမှ ဗွီဒီယိုဇာတ်ကား ဘာသာပြန်ဆို နေသူတွေကတော့ လက်မလည်လောက်အောင်ကို ဖြစ်နေလောက်သည်။ တကယ်တမ်းကတော့ ဘာသာပြန်ဇာတ်ကား အတော်များများသည် အသိပညာ ဗဟုသုတများ ပေးနိုင်လောက်သည့် ဇာတ်ကားသည် အလွန်နည်းသည် ဆိုပေမယ့် လူကြိုက်အတော်များကြသည်။

ဘယ်လိုဘဲဖြစ်စေ ဒီလိုနှင့်တစ်နေ့ ညနေပိုင်း ၇နာရီခွဲချိန်မှာ ကျနော်သည် ထိုင်းဇာတ်ကား တစ်ကားမှ ဘာသာပြန်ဇာတ်ကား ပြပေးဖို့ အချိန်ရောက်တော့ “အဟမ်း အဟမ်း” ကဲ့ကဲ့… နှုတ်ဆက်စကားတွေ ဆွေးနွေးခန်းတွေ ရည်ရွှင် ဆူညံသံတွေကို ရပ်ကြ၊ ငြိမ်ငြိမ်လေးနေကြ၊ အငြိမ်မနေတဲ့ သူတွေကို မှတ်ထားမယ်၊ နင်တို့ အပြန်ကျရင် ငါ့ခွေးနဲ့ လိုက်တိုက်ပစ်မယ်`` `` ၀ါး….၀ှီး.. ၀ှီး``၊ သူတို့ ရယ်သံများ လေချွန်သံများ ကျနော့်တို့ အိမ်များလွင့်ပျံ သွားလေမလားဟု ထင်ရသည်။ ဟာသဖြစ်စရာဆိုလည်း ဖြစ်လောက်ပါသည်၊ ဘာပြုလို့လဲဆိုတော့ ကျနော့်မွေးထားတဲ့ ဖြူကြီးဆိုသည့်ကောင် အမှန်တကယ်ရှိပါသည်၊ သို့ပေမယ့် ကျနော့်ခွေးကြီးကိုကသည် သူတို့နှင့် လုံးဝ လုံးဝကို ရင်းနှီးခင်မင်နေသည်မို့ သူတို့ကို အပြန်မှာ ခွေးနှင့်လိုက်တိုက်ပစ်မည်ဟု ပြောတာကို သူတို့အတွက် ဟာသတစ်ခုဖြစ်သွားသည်။

ကျနော်သည် ရှက်ရမ်းရမ်းနှင့် ဟီး.. ဟု သူတို့ကို သွားဖျဲမျက်နှာပြောင် ပြန်တိုက်ပြီးမှ ဗွီဒီယိုခွေ ထိုးထည့်မည်အပြုမှာ အလယ်ခေါင်က မိန်းမပျိုလေးတစ်ယောက်က ``ဦးဦးကြီး`` ကျနော်သည် ယောင်သွားပြီး ``ဟယ်``ဆိုပြီး လှည့်ကြည့်လိုက်သည်၊ ကောင်မလေးက ထပ်ပြီးပြောလိုက်တာ ``ဟို.. မနေ့ညတုန်းက ဇာတ်ကားကို ပြန်ပြပေးပါလား ဦးကြီးရဲ့ သ္မီးတို့က ကြည့်မ၀သေးလို့``တဲ့။ အောင်မလေး… ဦးဦးကြီးတဲ့၊ နုပျိုနေသေးသည့် ကျနော့်အသားအရေများ တစ်ဝက်ခန့်လောက်ကို လျှော့သွားခဲ့သည်ဟု ထင်ယောင်မိသည်။ ကျနော်သည် ကိုယ့်ကိုမယုံချင်သလိုလို ဟိုလှည့်ဒီလှည့်နှင့် ကျနော့်ကို ကျနော့်ပြန်ပြန် ကြည့်နေမိသည်။ အင်း… ခုချိန်ထိ ကိုယ့်ကိုကို လူပျိုပေါက်စ သေးသေးလေးဟု ထင်မြင်ယူဆနေသည့် ကျနော်သည် ဒီတစ်ခါ ရွာပြန်အလည်ရောက်တော့ ဦးဦးကြီး ဖြစ်သွားခဲ့ပြီ။

ဒီလိုနှင့် ကျနော့်အတွေးစများကို ဖြတ်လိုက်သည့် တစ်ယောက်ကတော့ ကျနော့်၏ အစ်ကိုအကြီးဆုံး၏သမီး နန်းချယ်ရီညိုဖြစ်သည်။ သူက ``ဦးဦး ခုထိဘာဖြစ်လို့ ဗွီဒီယိုခွေ ထိုးမထည့်တာလဲ၊ တစ်ခုခုပြောက်လို့ လိုက်ရှာနေတာလား``တဲ့။ အဲ့ဒီအခါကျမှ ကျနော်အတွေး ရပ်သွားခဲ့ပြီး၊ အေး.အေး ဟိုကျောက်လှည့် တစ်ခုကို ငါလိုက်ရှာနေတာ၊ ဘယ်နားသွားထားမိလဲလို့ ငါတွေးနေတာ၊ ဒီခွေက နည်းနည်းကျပ် နေလို့ အဲ့ဒါ.. ခဏလောက် ပြင်မလို့လေဟာ``ဟု ဖြေမိဖြေရာ ဖြေချလိုက်တော့သည်။

ချယ်ရီက ထိုင်ရာမှ ထလာပြီး ကျောက်လှည့် ၀ိုင်းရှာပေးသည်၊ ကျနော့်စိတ်ထဲမှာတော့ မအောင့်အီးနိုင် လောက်အောင်ကိုပင် ရယ်ချင်နေပြီး မနည်းထိမ်းထားလိုက်ရသည်။ သူမက ``ဒီမှာလေ… စာအုပ်နဲ့ပိထားတာ` မြွေသာဖြစ်ရင်တော့ ဦးပုပ်လောက်ပြီ``တဲ့။ အာ… နင်ကလည်း သွားသွား သွားထိုင်နေလိုက်တော့၊ ဖွဟေ့.. ဒီကံကျမ္မာဆိုး အငြိုးနဲ့နဲ့ဆိုလာတဲ့ ဒေါ်အေးညိုစကား ငါ့နဲ့ ဝေးဝေးရှောင် သွားဟ``ဟု ဂါထာမန္တာန်မပြတ် ရွတ်လိုက်ရသည်။ ချယ်ရီညိုက ``ဦးနော် ဖေဖေနဲ့ တိုင်ပြောလိုက်မယ် ဘာမှတ်လဲ``တဲ့။ ကျနော်က ``အမေလေး… မတိုင်ပါနဲ့ ငါ့တူမကြီးရေ၊ နာမည်ကြားတာနဲ့ ငါတူးတောင်တုန်လာတယ် တွေ့လား` ဂျလော့ ဂျလော့``ဟု ဒူးခေါင်းချောင် စတိုင်ထွန်ပြလိုက်တော့ တဟားဟား အဟင်းဟင်းနှင့် သူတို့ရေကြသည်၊ ဟို ကောင်လေးတစ်ယောက်ဆိုရင် မျက်ရည်ကျအောင်ကို ရေလွန်း၍ သူနဲ့ကပ်ထိုင်နေသည့် ကောင်မလေး၏ ထမီစကို ကယောင်ကတမ်း ဆွဲသုတ်လိုက်တာ ဟိုကောင်မလေးက မကျေမနပ်နှင့် ထပြောလိုက်သည်မှာ ``ဟေ့ အကောင်စုတ်၊ ပလုတ်ဒုက္ခကောင် င့ါထမီက အသစ်ကြီးဟေ့ ဒီနေ့မှမေမေ ၀ယ်လာပေးတာ` မရဘူး မရဘူး နက်ဖြန် နင် ငါတို့အိမ်ကို လာပြီး ငါ့ထမီကို ပြန်လျှော်ပေးရမယ်`` ဟိုကောင်လေးက ``ဟာ နင်ကလည်း မလုပ်ပါနဲ့ ငါတောင်းပန်ပါတယ်နော်`` ကောင်မလေးကတော့ မရဘူးပဲ ပြောနေသည်၊ ဖေဖေနှင့် ဖေဖေမရှိရင် မေမေနှင့်တိုင်မည်ဟု တတွတ်တွတ်ပြောနေသည်။

ဒီလိုနှင့် ကျနော်သည် ``ဟေ့ ဟေ့.. ငါ့တူတို့ ဗွီဒီယိုပြတော့မယ်နော် တိတ်တိတ်လေးနေကြတော့``ဟု ပြောလည်း သူတို့နှစ်ယောက်က ဆူံညံပူညံဖြစ်နေတုန်း၊ ကျနော်သည် အသံကိုမြင့်ပြီး ``ဟေ့.. နင်တို့အားလုံး ဗွီဒီယိုကြည့်မှာလား မကြည့်ဘူးလားကွ``ဟု မေးလိုက်တော့ ကျန်သည့်သူတွေအားလုံးက ကြည့်မည်ဖြစ်ကြောင်း ပြောတော့မှ ဟို ငြင်းနေသည့် နှစ်ယောက်အသံ တိတ်သွားတော့သည်။ အင်း.. အရွယ်ရောက်စဆိုတော့ သူတို့ကို အပြစ်ပြောလည်း မသင့်တော်ဘူး၊ လင်းတိုင်းတို့ ငယ်ငယ်တုန်းကဆိုလျှင် ဘယ်လောက်တောင် ကမြင်းကြော ထခဲ့မှန်းမှမသိတာ။

မေမေဆိုလျှင် ဗွီဒီယိုပြသည့်ချိန်ဆို အိမ်မှာမနေတော့ဘူး အိမ်လည်ဝါသနာ မပါလည်း သူခများ နားငြီးသက်သာအောင်သာ နီးနားမိတ်ဆွေအိမ်တို့ကို သွားလည်လည်နေရတာ တွေးလိုက်လျှင် ကျနော့်ဖြင့် မေမေ့ကို သနားပြီး အော်… တကယ်သာဆိုလျှင် မေမေ့ကို အေးအေးချမ်းချမ်းနှင့် အိမ်မှာ ဆူညံမှုတွေ မရှိအောင် လုပ်ဆောင်ပေးသင့်ကြောင်း ကျနော်တွေးမိသည်။ အဲ့ဒီလိုလည်း လုပ်ဖြစ်အောင် ဆောင်ရွတ်မည်ပေးမည်ဟု ဆုံးဖြတ်ချက်တစ်ခု ချလိုက်ပြီး နောက်နေ့မှာတော့ ခြံပေါက်ဝမှာ ဗွီဒီယိုမပြတော့ပါကြောင်း ရေနွေးကြမ်းခွက် တစ်ခွက်စာလောက်ကြီးသည့် စာလုံးတွေနှင့် ကြော်ငြာစာတမ်း ကပ်လိုက်လေတော့သည်။


ဤမျှသာ
ချစ်ခင် ခင်မင်လေးစားမှုများဖြင့်

ကြွက်သာဖြစ်လိုက်ပေတော့


ကျွန်ုပ်သည် နှစ်နှစ်တစ်ခေါက် မွေးရပ်ဌာနေ ရွာသို့ပြန်လှည့်ရှိသည်။ မြို့မှာအနေကြာတော့ မြို့အကျင့်သည် ဘယ်ရောက်ရောက် လက္ဘက်ရည်ဆိုင် ထိုင်သည့်အကျင့်တစ်ခုက ဖျောက်မရ မွေးရာပါအကျင့်တစ်ခုကဲ့သို့ စွဲလမ်းနေသည်။ ဒီတော့ ရွာလည်းရောက်ရော မနက်မိုးလင်းရုံသာရှိသေး လက္ဘက်ရည်ဆိုင်သွားဖို့ ခြေလှမ်းပြင်နေသည်။
အဲ့ဒီအချိန် အစ်မကြီးက အိပ်ရာမှထလာသည်။ သူမသည် အပြင်ထွက်ရန် ဟန်ပြင်နေသည့် ကျွန်ုပ်ကိုမြင်သွားပြီး “ဟဲ… အဲ့ဒါ ဘယ်သွားမလို့လဲ”ဟု မေးသည်။ ကျွန်ုပ်က “လက္ဘက်ဆိုင်သွားမည်”ဟု ပြောတော့ “ဟဲ… အရူး ဘယ်ကလက္ဘက်ဆိုင် သွားထိုင်မှာလဲ၊ မြို့များမှတ်နေလို့လား၊ ဒါကရွာဟဲ၊ ဒီချိန် သရဲ လကဘ္ဘက်ရည်ဆိုင်ပဲရှိမယ်၊ နေပါအုန်း နင်က ဘယ်လက္ဘက်ဆိုင် သွားထိုင်မှာလဲ မနက်အစောကြီးကို”။ ကျွန်ုပ်က “အေးငွေတို့ဆိုင်”ဟု ခပ်တုတ်တုတ်ပြန်ဖြေသည်။


သူမက “အမေလေး လင်းတိုင်းရေ အေးငွေက သေသွားပြီ၊ မနက်စောစောကြီးကြီး မင်္ဂလာမရှိလိုက်တာ၊ အေး… နင်သွားချင်သပ ဆိုရင်တော့ မတားဘူးဟေ့ သွားသွား သူတို့ဆိုင်ရှေ့မှာ ဆံပင်ကြီး ဖားရားဖားရားနဲ့ နင့်ကိုစောင့်နေလိမ့်မယ်” ဟုပြောလိုက်တော့ အောင်မေလေးလေး ကျွန်ုပ်ဖြင့် ကျက်သီးမွေးညင်း ထသွားသည်၊ စောစောက ကျွန်ုပ်၏ အပြင်သွားထွက်ရန် အကြံနှင့် ဖွင့်ထားသည့်တံခါးကို အလျင်အမြန် ပြေးပိတ်လိုက်သည်။
အစ်မက “ဟေ့..ဟေ့.. အဲဒါ ဘာလုပ်တာလဲ ငါမျက်နှာသွားသစ်မလို့ ပြန်ဖွင့်လိုက်စမ်း” ဒီတော့ ကျွန်ုပ်က “ဟာ မမကလဲ ကိုယ့်ဘာသာကို သွားဖွင့်ပါလားဗျာ” ဟြုေ့ပာရင်း မီးလှမ်းဖွင့်လိုက်တာ အဲဒါမှ ပိုဆိုးရော၊ မမကြီးကို စိတ်တိုအောင် ဆွမိသကဲ့သို့ဖြစ်သွားသည်။ ဒီတော့ သူမက “မီးကို နင်ဘာလို့ ဖွင့်တာလဲ၊ မိုးလင်းနေပြီ”ဟုပြောတော့ ကျွန်ုပ်က “အဟီး… ကြောက်လို့”ဟု ပြောလိုက်ရသည်။ သူမက “ဘာကြောက်တာလဲ” ဟုမေးတော့ ကျွန်ုပ်က “သရဲ”ဟုဖြေသည်။
မမက “ဘယ်မှာလဲ၊ နင်ရှေ့မှာ ငါပဲရှိတယ်၊ ငါ့ကို သရဲလို့ပြောတာလား”၊ ကျွန်ုပ်ယောင်သွားပြီး “ဟုတ်”ဆိုပြီးဖြေလိုက်တော့ မမသည် လက်သီးလက်မောင်း တဆုပ်ဆုပ်နှင့် “တယ် ငါလုပ်လိုက်ရ“ ကျွန်ုပ်က “အဲ.. ဟုတ်ဖူး ဟို ဟို ကောင်မသရဲ လာမှာစိုးလို့”ဟု ပြန်ဖြေလိုက်မှ သူမဒေါသကြီး နည်းနည်းလျှော့သွားသည်။ အမေလေး ကျနော့် မမဒေါသကြီးပုံသည် လှောင်ထားသည့် ခွေးနှင့်တူလွန်းနေသည် တဟီးဟီး တအင်အင်နှင့် ကြိုးများလွတ်လိုက် တကယ်ကိုက်မည့်ပုံ အဲ မဟုတ်ဘူးခင်ဗျား ချက်ကောင်းကွက်တိ ပြန်မဖြေနိုင်လျှင် တကယ်ဆော်လိမ့်မည်။ သူမသည် တံခါးဖွင့်ပြီး ဆင်းသွားသည်။
ကျွန်ုပ်မှာ “ဟူး”ဆိုပြီး သက်ပြင်းကို ချလိုက်ရတော့သည်။ အဲအချိန် မေမေက နိုးလာပြီး “ဟေ့ နင်တို့မောင်နှမ ဘာဖြစ်နေတာလဲ ဆူညံ နေလိုက်တာ အိပ်နေတဲ့လူကိုမှ အားမနာဘူး ဟွန့်”ဟု ညီးတွားလိုက်တော့ မမကြီးက “ဒီအကောင်ပေါ့ သမီးကို သရဲလို့ပြောတယ်၊ ပြီးတော့ ကျမကို ထိုးလားကျိတ်လား လုပ်နေတာ”တဲ့။ အမေလေး လူကို ချောက်ကမ်းပါးအောက် စောက်ထိုးကျွမ်းသွားအောင် ကန်ချနေသလားတော့မသိ။
မေမေက “ဟေ့ သား ကိုယ့်အစ်မကို ဘာဖြစ်လို့ ဒီလိုပြောရတာလဲ” ဒီတော့ ကျွန်ုပ်သည် မေ့မေ့ကို “မေမေ မယုံနဲ့နော် မေမေမတွေ့လိုက်လို့ ခုနားက သားကို သူက လက်သီးလက်မောင်းနှင့် ကျိန်းနေတာ အိမ်က ကြက်မကြီးအတိုင်း သူနိုင်ရာကို လိုက်တုတ်နေတာ” ဟုပြောလိုက်တော့ အစ်မကြီးက မျက်နှာသစ် မပြီးသေးသည့် ရေခွက်ကြီး တန်းလန်းတန်းလန်းနှင့် တက်လာပြီး “နင် နင်… နင် ငါ့ကို ကြက်မလို့ပြောတယ်၊ နင်ကတော့ ကြက်လောက်ကို တန်ဖိုးမရှိဘူးဟေ့၊ အကောင်နော် သတ်ပြီး ဟိုကောင်မဆီ ပို့ပစ်လိုက်မယ်”တဲ့၊ အားပါး ရစရာကိုမရှိတော့ဘူး ကြက်လောက်မှ တန်ဖိုးမရှိ လျှင်တော့ ကြွက်သာဖြစ်လိုက်ပေတော့ခင်ဗျား။

ဤမျှသာ
လေးစားခင်မင်ချစ်ခင်မှုများဖြင့်

ဝါးလုံးရေပြွက်နှင့် အာသာသင်္ကြန်



သင်္ကြန်ရောက်ပြီမို့ မန္တလေးက သူငယ်ချင်းတစ်စုက မန္တလေးမှာ သင်္ကြန်လာပျော်ရန် မနှစ်ကျနော်တို့ တွေ့ဆုံကတည်းက ဖိတ်ခေါ်ထားသည်။ ခုလည်းစာနှင့်တကွ ဒုတိယအကြိမ် ထပ်ခေါ်လိုက်သည်။ ဒီလိုနှင့် တောမင်းသားလေးတစ်ယောက် မန္တလေးမြို့ကြီးသို့ ရောက်ခဲ့သည်။ အဟဲ… မန္တလေးကားဂိတ် ရောက်ခါနီး အတွေးကစတော့သည်၊ လမ်းမှာကြတော့ စိတ်မကူးပဲနှင့် ကားပေါ်မှာ တစ်ချိန်လုံး ငိုက်မျဉ်းနေတာ ခုမှမဟုတ်ကဟုတ်က အတွေးက ၀င်လာသည်။ အဟဲ… မန္တလေးရောက် ခေါင်းပေါင်းကြီးနဲ့ ကိုရှမ်းကြီးတစ်ယောက် ပေါ့လေ။ ဘယ်သူနဲ့တွေ့မယ် ဘယ်လိုပျော်ကြမယ် ဘယ်သူ့ကို ဘယ်လို ရေလောင်းချလိုက်မယ် ဟို ငနဲတွေကို ဘယ်လိုစမယ် စသည်စသည်ပေါ့ဗျာ။
ကျနော်သည် အတွေးကောင်းကောင်းနှင့် တွေးနေလိုက်တာ ကားစပါယ်ယာသံကြားမှပဲ ကားဝင်း ရောက်နေမှန်း သိတော့သည်။ ကားစပါယ်ယာက ``ကိုရှမ်းကြီး ကိုရှမ်းကြီး ကားပေါ်မဆင်းချင် တော့ဘူးလား၊ ဘာလဲ ကျုပ်တို့ကားက စီးကောင်းနေလို့လား၊ ကြိုပို့ကားတောင် မြို့ထဲထွက်သွားတာ ကြာပေါ့ ဟုပြောတော့`` ဟာ.. အေးအေး.. ဆင်းပြီဗျို့ ကျုပ်သတိမေ့နေလို့ စိတ်မရှိနဲ့နော် ဆင်းပြီ ဆင်းပြီဟု ကျနော်တောင်းပန်လိုက်ရသည်။ သူက ``ဟင်.. ခင်ဗျား ကားပေါ်မှာသတိမေ့နေတယ် ဟုတ်လား၊ ခင်ဗျား ကားမူးတာလား ဟိုနားမှာ ဆေးဆိုင်ရှိတယ် ဆေးလေးဘာလေး ၀ယ်သောက်အုန်း၊ ကျနော်လိုက်ပို့ပေးရမလား။ အာ… ခင်ဗျားကလည်း ဘာလို့ဆေးဆိုင်သွားရ မှာလဲဗျ၊ ကျုပ်သတိလစ်နေတာကို ပြောတာမဟုတ်ဘူး၊ အတွေးနဲ့မို့ ဆင်းဖို့မေ့သွားတာဟု ကျနော် ပြောလိုက်သည်။ အရေးထဲ ဒီငနာက သတိလစ်တာ သတိမေ့တာတို့ကို အဓိပါယ်မကွဲတာလား ကျနော်ကပဲ စကားလုံးမကွဲတာလားတော့ မသိဘူး၊ ပဲပြုတ်စားတဲ့ ပါးစပ်ကြီးနဲ့ ဖွဖွ နိမိတ် မဖြစ်ပါစေနဲ့ဟု စိတ်ထဲရေရွတ်လိုက်သည်။ သူတို့ကား စီကောင်းလားတဲ့ ကားထဲနံစော်နေတာပဲ ဘာနံလို့နံမှန်းမသိဘူး၊ ကားကောင်းချက်ကတော့ အပျင်းပြေ သီချင်းလေးတွေတောင် မဖွင့်နိုင်ရှာဘူး။ အဆင်းနောက်ကျခဲ့၍ ကြိုပို့ကားမမီလိုက်တော့ ကားငှါးပြီး သူငယ်ချင်းတို့အိမ်သို့ လာရသည်။ သင်္ကြန်ပျော်ဖို့ စုထားသည့် မုန့်ဖိုးလေးတော့ လျှော့သွားတာပေါ့။ ဒီအစုပ်ပလုတ် အတွေးကြောင့်ပဲဟု ကိုယ့်ကိုသာအပြစ်တင်မိသည်။


ညနေပိုင်းရောက်တော့ သူငယ်ချင်းတွေ စိန်ကြီးတို့အိမ်သို့ ရောက်လာပြီး မုန့်လုံးရေပေါ် သွားစားမည်ဟုဆိုသည်။ စိန်ကြီးက အေး အေး အတော်ပဲ၊ ပြီးတော့သူသည် ကျနော့်ကို လက်ညိုးထိုးပြီး ``ဒီကောင်ပါလိုက်အောင် ခေါ်စမ်းပါ၊ ခုနားတင်ပဲ ငါက အဲ့ဒီအကြောင်းပြောပြနေတာ သူကမလိုက်ချင်ဘူးဆိုပြီး ငြင်းနေတာလေ`` မောင်ငယ်က ကျနော့်လက်ကိုဆွဲပြီး အတင်းခေါ်၍ လိုက်ခဲ့ရသည်။ ကျနော်က ``ဘာလို့သွားစားရမတုန်းကွ သူများက ငါတို့ကို ဖိတ်ထားလို့လား`` ဟုမေးတော့၊ စိန်ကြီးက ``မင်းမသိပါဘူး စိုင်းရာ၊ လိုက်မှာသာလိုက်ခဲ့၊ စကားမများနဲ့၊ မုန့်လုံးရေပေါ်ဆိုတာ မခေါ်မုန့်လို့ ခေါ်တယ်မှတ်ထား၊ သူတို့ခေါ်ခေါ်မခေါ်ခေါ် ဖိတ်ဖိတ်မဖိတ်ဖိတ် ၀င်စားလို့ရတယ်ကွ၊ ပြီးတော့ ထမင်းတစ်နပ် အကုန်သက်သာတယ်.. ပျော်လည်းပျော်တယ်.. ဟီး`` ဆိုပြီး ရယ်ရယ်မောမောဖြင့် ပြောလိုက်မှ ကျနော်သဘောပေါက်သွားသည်။ လမ်းထဲရောက်တော့ သူတို့ပြောသည့်အတိုင်းပါပဲ မုန့်လုံးရေပေါ်လေးတွေက ပေါ်ချင်တိုင်းပေါ်လို့ နေရာမရွေး အိမ်မရွေး ပျော်ပျော်ရွှင်ရွှင်နှင့် လုပ်စားကြသည်၊ မျက်နှာစိမ်းတွေရော မျက်နှာကျက်တွေရော တွေ့နေရသည်။ စားမည့်လူတွေက တစ်ခါတရံ ချောကလက်လေးတွေလို တန်းစီစောင့်နေသည်။ ဒီနေရာမှာ အစားပုပ်သည့် ကျနော်တို့အဖွဲ့သည် ဆိုးဆုံးပေါ့။ ကျနော်သည် မုန့်လုံးရေပေါ်အတိုင်း မုန့်လုံး ကျက်ကျက် မကျက်ကျက် ပေါ်သမျှမုန့်လုံးလေးတွေကို ဆယ်ယူစားတော့တာပဲ။ ပိုက်ဆာ နေသည်မို့ ချိုနေလျှင်ပြီးရောဆိုပြီး ပလုံးပထွေဝါးစားနေခဲ့သည်၊ ကြာလာတော့ မုန့်ပိုင်ရှင်တွေက အမြင်ကပ်ဟန် တူပါသည်၊ ``စား စား စားထား၊ ဒီတစ်အိုး ကုန်အောင်စား`` ဆိုပြီးတော့ မုန့်လုံးတွေကို အိုးထဲ နောက်ထပ် ထည့်ပေးလိုက်သည်။ ကျနော်ကပဲ အရင်ဆုံး သုံးလုံးလောက် ဆယ်ယူလာပြီး စားလိုက်သည်၊ ``အားပါးပါး ပူ ပူ ပူတယ်၊ ရေ ရေ ရေပေးအုန်း``။ ဟောဗျာ တစ်ယောက်မှ ကျနော့်ကို ရေမပေးဘူး သူတို့အားလုံးက ကျနော့်ကို ၀ိုင်းပြီး ဟားတိုက်ရည်နေတော့သည်။ သူတို့ထဲက ကောင်မလေးလေး (၁၅နှစ်သားအရွယ်) တစ်ယောက် ရေတစ်ခွက်လှမ်းပေးလိုက်မှ ၀ူး… အပူ အစပ် နည်းနည်းလျှော့သွားသည်။ သို့ပေမယ့် ငရုပ်သီးအရှိန်က မပြေသေးဘူး မငိုချင်ဘဲနဲ့ မျက်ရည်ကျ နေသည်၊ စပ်လွန်းနေ၍ ရှာကို အပြင်ထုတ်ထားလိုက်ရသည်၊ ဒီလိုဆို မမောဘဲနဲ့ ရှာတထုတ်ထုတ်နှင့် ခွေးတွေကို သွားသတိရမိသည်။ အဖြစ်ကလည်း အဲ့ဒီလိုတူလွန်းနေသည်။ အိမ်ပြန်ရောက်မှ သိရတော့သည် အော်… လက်စသတ်တော့ ဟို.. မုဆိုးမလေး မိဝိုင်းက ငရုပ်သီး လေးငါး လုံးလောက်ကို ခိုးထဲထားတာလို့ မောင်ငယ်ဆိုသည့်ကောင်က အခုမှလာပြောပြသည်။
ဒီလိုနှင့် နောက်တစ်နေ့ရောက်တော့ သင်္ကြန်ပျော်ဖို့အတွက် ကျနော်တို့ သူငယ်ချင်းတစ်စု မနက် စောစောစီးစီး အလုပ်ရှုပ်နေခဲ့သည်။ ဟိုကောင်က ပြောသည် ``ဟေ့… ကိုစိုင်း မင်းဘာယူမလဲ တို့ချိုးတဲ့ ဖလားခွက် ဒါမှမဟုတ် သံပုံးအသေးတစ်ပုံးရှိတယ် အဲ့ဒါယူမလား၊ ငစိန်က ပြောသည် ``ဟေ့ ဟေ့ သူ့ကို ပလက်စတစ် တစ်အိတ်သာ လမ်းကြုံရင် ၀ယ်ပေးလိုက်ဟု ပြောလိုက်တော့ ကျနော်က ``ဟေ့ကောင်.. ပလက်စတစ်က ဘယ်လိုပက်မှာလဲဟ၊ ပလက်စတစ်ကြီးနဲ့ဆို မျက်နှာငယ်လွန်း တယ်ကွာ ငါသွားတော့ဘူးဟု ကျနော်သည် စိတ်ပျက်လက်ပျက်နှင့် အိပ်ခန်းထဲ ၀င်သွားအပြု ဟိုကောင်က ``ဟာ ဟေ့ ဒီလောက်ကြီးတော့ စိတ်အားမငယ်ပါနဲ့ ငစိုင်းရာ၊ ဟိုကောင် ငစိန်က အဲ့ဒီလိုပဲ သူများကို အားမနာပါးမနာ ပြောင်တတ်တယ်၊ လာ လာ ပြန်လာခဲ့ ဒီမှာ ကားက အဆင့်သင့်ဖြစ်နေပြီ။ ဒီနေ့ ငါ့တို့ ဦးပိန်တံတားဘက်နဲ့ ကျုံးကြီးဘက်လှည့်မယ်၊ နောက်နေ့ကျမှ ကျန်တဲ့နေရာတွေကို လှည့်မယ်။ စကိုင်းဘက်သို့လည်း လှည့်အုန်းမည်ဟု သူကပြောသည်။ ကျနော်သည် သွားမည့်ကားကို လှမ်းကြည့် လိုက်တော့ လိုင်းပြေးဆွဲနေသည့် ဟွန်ဒါဆိုလား ဟန်ဒါဆိုလား အဲ့ဒီကားမျိုးဖြစ်နေသည်၊ အပေါ်ကအမိုးကိုဖြုတ်ပြီး ဆင်သင့်သင်္ကြန်ကဲရန် မာန်မူနေသည့်ဟန်။ ဂျက်ကြီးကပြောသည် ``ကိုစိုင်း သံပုံးနဲ့ ဖလားခွက် ကြိုက်တာရွေး သွားတော့မယ်``။ အေးအေး သံပုံးယူမယ်၊ လာပြီ လာပြီ။ အမေလေးနော် နင်တို့က လောလော လောလောနဲ့ ငါ့မှာဖြင့် ဘာလုပ်ရ မှန်းတောင် မသိတော့ဘူး၊ ရှုပ်ယှက်ကိုခတ်နေတာပဲ။
ကားပေါ်ရောက်မှ ကျနော်တစ်ခု သတိရလိုက်သည်၊ ``ဟ..ဟေ့ကောင်တွေ ခဏ`` ဆိုပြီး ပြန်ခုန်ဆင်း လိုက်သည်။ ကျနော်က ``ခဏလေးနော် ငါတစ်ခုမေ့နေလို့``၊ သူတို့ခင်ဗျား ပွစိပွစိ ဆူညံပူညံနှင့် တီးတိုးပြောနေကြသည်။ ဘာပဲပြောပြော မေ့နေသည့် ပစ္စည်းက အရေးကြီးဆုံး၊ ဒါကြောင့် ကျနော်သည် အိမ်ထဲပြေးဝင်လိုက်သည်။ အဒေါ်ကြီးက ``ဟေ့ ဟေ့ နင်မသွားဘူးလား ဘာဖြစ်လို့၊ ဘာတွေမေ့ကျန်နေလဲ`` ဟုမေးသည်။ အလောတကြီး အရေးပေါ်မို့ အဒေါ်ကြီး မေးခွန်းတွေကို ဖြေမနေတော့ အိပ်ခန်းထဲဝင်ပြီး ကျနော့်ရဲ့ ရေပြွက်လေးကို ဆွဲယူပြီး ကားဆီသို့ အမောတကော ပြေးလာခဲ့သည်။ ဟိုကောင်တွေ ကျနော့်ကို တအံ့တသြကြီးနှင့် လှမ်းကြည့်နေသည်၊ သူတို့ လှမ်းကြည့်နေရာက ကျနော်မျက်နှာကိုမဟုတ် လက်ကိုကြည့်နေသည်။ ကျနော်ကားပေါ် ရောက်နေပြီ၊ ကားဆရာရေ ရပြီမောင်းတော့ဟု တစ်ယောက်မျှ မအော်သေး၊ ကျနော်က ``ဟေ့ကောင်တွေ ဘာဖြစ်နေလဲ ငါရောက်ပြီလေ သွားတော့လေ``ဟု ကျနော် ပြောတော့ အထဲကတစ်ယောက် မေးလိုက်သည် ``အဲ့ဒါ ဘာကြီးလဲ လူရိုက်ဖို့ ၀ါးလုံးလား``၊ အာ.. ဘယ်က လူရိုက်ဖို့ ၀ါးလုံးဖြစ်ရမှာလဲ လူတွေကို ရေပက်ဖို့ဟေ့ ရေပက်ဖို့ သိပြီလား၊ တောမှာကတည်းက ကျကျနနကို လုပ်ထားတာ၊ အဲ့ဒါ ၀ါးလုံးရေပြွက်လို့ ခေါ်တယ်ဟု ကျနော်ဖြေလိုက်သည်။ သူတို့က ``အော်… ၀ါးလုံးရေပြွက်တဲ့လား မသေသေးလို့ မြင်ဖူးသွားတယ် တဲ့``။
ကျနော်သည် မပြောမဆိုနှင့် ၀ါးလုံးရေပြွက်ကို ပုံးထဲကရေကို စုပ်ယူလိုက်ပြီး ကို့ယို့ကားယားကြီးနှင့် ပွဲမစရသေးခင် အပျော်ကြီးပျော်ပြီး ကနေသည့် အာနိုးဆိုတဲ့ကောင်ကို လှမ်းပက်ထဲလိုက်သည်။ ဟိုကောင်ခများ အောင်မေလေးကို မည်သွားအောင် အော်လိုက်ရသည်.. သူကအော်ပြောသည် ခင်ဗျားရေပြွက်ကြီးက ပျင်းသဟ၊ အညောင်းကို ပြေသွားတယ်ဟု ဆွလိုက်တော့ ကျနော်က ထပ်ပက်ရန် ချိန်လိုက်တော့မှ အာနိုးကြီးလန့်သွားပြီး ``ဟဟ.. တော် တော် တော်ပါတော့၊ ငါက ယောကျားဟ၊ မင်းပက်ရမှာက မိန်းကလေးဟု လက်တကာကာနှင့် ပြောသည်။ အာနိုးဟုသာ နာမည်ရသည်၊ လူက လေတိုက်လျှင် လဲမယ့်ပုံ။ စိန်ကြီးက ကျနော့်ဝါးလုံးရေပြွက်ကို သဘောကျ ဟန်တူသည်၊ သူ ခဏ ခဏ ကျနော့်ကို တီးတိုးပြောသည် ရောင်းမလား၊ ဒါမှမဟုတ် ဖလားခွက်နှင့် ခဏလောက် လှဲကိုင်မလားဟု တစ်လမ်းလုံး ပြော၍နေတော့သည်။ ကျနော်က နောက်နေ့ ပေးကိုင်မည်၊ ဒီနေ့တော့ ကျနော် ကိုင်မည်ဟု ပြောလိုက်မှ ဒီကောင်ကြီး ငြိမ်သွားတော့သည်။
နောက်နေ့ကျတော့ ကျနော်သည် သူတို့နှင့် လိုက်မသွားနိုင်တော့ပါဘူး၊ အရင်နေ့က တစ်နေကုန် ရေစိုပြီး အအေးပတ်လို့ ဖျားပါလေရော့လား၊ ဖျားမယ်ဆိုလည်း ဆိုလောက်ပေသည်၊ နေပူပူကြီးထဲမှာ ရေစိုလိုက်၊ ခဏကြာတော့ အ၀တ်တွေက ခြောက်သွားလိုက်၊ အ၀တ်အစားခြောက်ပြီး နှစ်မိနစ်တောင် ကြာမည်မထင် ဟိုက ပက်လိုက် ဒီဘက်ဘေးက ပက်လိုက်၊ အ၀တ်ပြန်စိုရွှဲသွားလေရော။ လူကြဲတဲ့ နေရာရောက်တော့ အ၀တ်တွေခြောက်သွားလိုက်၊ စိုလိုက် ခြောက်လိုက်၊ ခြောက်လိုက် ပြန်စိုလိုက်နဲ့ လူက ပန်းပဲဖိုထဲက သံချောင်းတစ်ခုနဲ့ ချွတ်ချွတ်ကို သွားတူနေတော့သည်။ အ၀တ်အစားတွေ ခြောက်သွားပြီဆို ချွေးကိုပျံနေသည်။ ရေရွှဲနေသည့်အချိန်ဆို တစ်ကိုယ်လုံး တုန်နေအောင်ကို ချမ်းသည်၊ သွားချင်း ခလုတ်တိုက်သည့်သံကို ဒက် ဒက် ဒက်နဲ့ပင် ကြားနေရသည်။ ဟိုတစ်နေ့ ကားဂိတ်က ကားစပါယ်ယာကို သွားသတိရသည်၊ ပဲပြုတ်စားသည့် သူ့ပါးစပ်ကြီးကိုက မန်တလာမြေ ရောက်ရောက်ချင်း နိမိတ်ဖတ်လိုက်တာကိုး။
သူငယ်ချင်းတွေက လာမေးကြသည်၊ ``လုံးဝကို မသွားနိုင်တော့တာလား.. တဲ့``။ ကျနော်က ``ဘယ့်နှယ် မသွားနိုင်ရမှာလဲ၊ အဖျားကြောင့် အဖျားကြောင့်ဟေ့ မင်းတို့နှယ် ငါ့များ ခြေကျိုးကြီးပုံစံနဲ့ လာမေးရက်တယ်``ဟု ပြောချလိုက်သည်။ ငါလိုက်တော့ဘူးကွာ မင်းတို့သာ ပျော်ပျော်ရွှင်ရွှင်နဲ့ အာသာသင်္ကြန်ကြီးကို ဆင်နွဲလိုက်တော့ဟေ့။ ငစိန်က ``ဟေ့ကောင်စိုင်း`` ဟုရုတ်တရက်ခေါ်သည်။ အောင်မလေး ဟေ့ကောင်စိုင်းတဲ့ ကျနော်ဖြင့် ကိုယ့်ကိုကိုယ် ခုန်ဆွခုန်ဆွနှင့် တိရိစ္ဆာန်လေး တစ်ကောင်ဖြစ်ပလား ထင်ယောင်ထင်မှားပဲ။ ``ဟေ့ကောင် စိန်ကြီး မင့်ခေါ်သံကြီးက ကြက်သရေ မရှိလိုက်တာ စိုင်းဆိုစိုင်း၊ ငစိုင်းဆိုလည်း ငစိုင်း၊ ကိုစိုင်းဆိုလည်း ကိုစိုင်းပေါ့ကွ``ဟု ကျနော်ငေါက်ပစ်လိုက်တော့ သူက အေးပါ အေးပါ အဟီး ခေါင်းပေါင်းကြီးရေ တဲ့။ ကျနော်က ဘာတုန်း ခေါ်ပြီးတော့ ဘာမှလဲမပြောဘူး၊ သူက အဟဲ… ဟို ဟို.. ဟိုလေ၊ ကျနော်က ``ဟိုဟို ဟိုးဟိုးနဲ့ ဘာတုန်းဟ ငါနားလည်ဘူးကွ ဟကောင်ရ``၊ ဘာလဲ ဗေဒင်မေးမလို့လား၊ ငါဗေဒင်ဟောတတ်ဘူး။ သူက ``အာ… မင်းကလည်း ဘယ်ကဗေဒင်မေးရမှာတုန်း ငှါးမလို့ ငှါးမလို့ဟ။ ကျနော်က ``ဘာငါးတာလဲ၊ မင်းငါးသွားမျှားမလို့လား၊ အဟင်း… ငါးသွားမျှားမှာကိုများ ငါ့လာပြော နေသေး၊ ငါက နင့်ယောက္ခထီးကြီးမို့လားဟု ပြောတော့ သူက “ဟာ… ဟေ့ကောင် စိုင်းကြီး တော်… တော်.. တော်တော့ ရပ်တော်မူပါတော့ ဆရာရေ မင့်နဲ့ ဆွေမျိုးချင်း မတော်ချင်ဘူး၊ မင်းရဲ့ ၀ါးလုံးရေပြွက်ကို ငှါးမလို့ကွ၊ အရေးထဲ ငှနဲ့င ကိုမကွဲဘူး”ဟု ပြန်ပြောသည်။ လက်စသတ်တော့ စိန်ကြီးက ကျနော့်ဝါးလုံးရေပြွက်ကို သဘောကျနေသည်။ ကျနော်က ``ဘယ်နဲ့လဲ… မင်း ငါ့ဝါးလုံး ရေပြွက်ကို ခိုက်သွားပြီ မဟုတ်လား စိန်းကြီး၊ တွေ့တယ်မို့လား မနေ့က ဟိုကောင်မလေးတွေကို ငါ့ဝါးလုံးရေပြွက်နဲ့ အဝေးကြီးကနေ လှမ်းပစ်ဘာ ယှက်ခနဲ ယှက်ခနဲပဲ``ဟု ခပ်ကြွားကြွားဖြင့် ပြောလိုက်သည်။ သူက ``ဟ.. မင်းဆို တဲ့ကောင် တယ်စကားများတာပဲ ဗမာသာဆိုလျှင်တော့ အတော့်ကို နားငြီးမယ့် ကောင်ပဲ၊ ဒီထဲ စကားက မပီကလာ ပီကလာနဲ့ ဇွတ်ပြောနေတော့တာပဲ၊ ယှက်ခနဲ ယှက်ခနဲမဟုတ်ဘူးဟ၊ ရှပ်ခနဲ ရှပ်ခနဲပါ ဟကောင်ရ၊ ဗမာစကားပီအောင် လေ့ကျင့်အုန်း``ဟု ပြောတော့ ကျနော်က အေးပါ အေးပါ ဒါပေမယ့် ယှက်ခနဲဖြစ်ဖြစ် ရှပ်ခနဲဖြစ်ဖြစ် ဘျင်းခနဲဖြစ်ဖြစ် နားလည်ရင်ပြီးတာပဲ မဟုတ်လား။ သူက ``အေးအေး ပြီးတယ် ပြီးတယ် ၀ါးလုံးရေပြွက်ပေးမလား မပေးဘူးလား ဒါပဲပြော၊ ဟိုမှာ ဟိုကောင်တွေ စောင့်နေတယ် သွားတော့မယ်ဟုပြောတော့မှ ကျနော်က အေးအေး ယူ ယူ၊ ပေးတယ် ပေးတယ်၊ ငါ့ဝါးလုံးရေပြွက်နဲ့ ဒီနှစ်အာသာသင်္ကြန်ကြီးမှာ မင်းတို့ရဲ့ ရမက်ကြီးတွေကို ပြောင်လက်နေအောင် ဆေးခဲ့လိုက်နော်၊ သွား သွားဟုကျနော်က မကျေမချမ်းဖြင့် ကျန်ခဲ့သည်။
စိန်ကြီးက မကြားတကြားနှင့် လှမ်းပြောလိုက်သည်မှာ မပီကလာ ပီကလာနဲ့ အာသာတင်္ကြန်တဲ့ ဟားဟားဟား ဖျားနေလို့ နားငြီးသက်သာတယ် နေများကောင်း လို့ကတော့ မလွယ်ဘူး။ ဟေ့ရှမ်းကြီး သွားပြီဟေ့။ နေရစ်ခဲ့တော့ ဘိုင်းဘိုင် အတာသင်္ကြန် မဟုတ်တဲ့ အာသာသင်္ကြန်ကြီးကို ခင်ဗျား ၀ါးလုံးရေပြွက်ကြီးနဲ့ သွားရောက် ဆင်နွဲပါတော့မယ်၊ နေခဲ့တော့ အာသာကြီးကို အပြည့်အ၀ မဖြည့်နိုင်တဲ့ အာသာသင်္ကြန် ကောင်ကြီးရေ တဲ့လေ``။


ဤမျှသာ

မှတ်ချက်။။
အဟုတ်မမှတ်လိုက်ပါနဲ့ သူများပြောလို့ ဒီလိုရေးလိုက်ပါသည်။း)

ချစ်ခင် ခင်မင် ကြင်နာမှုများဖြင့်

ရွာကိုတော့မရွှ့ နဲ့

တစ်နေ့ ကျနော်သည် အစ်မတစ်ယောက်၏ web ဆိုက်ဆီမှ ကျနော်သဘောကျသည့် သီချင်းလေး သုံးလေးပုဒ် ဒေါင်းလုဒ်ယူလိုက်ပြီး ကျနော့်၏ဖုန်းထဲ ထည့်ထားလိုက်။ အားသည့်ချိန် ဒါမှမဟုတ် လူစိတ်ပျောက်သည့်ချိန်မှာ အပြင်းဖြေအနေနဲ့ နားထောင်ရအောင်ပေါ့။ အဲ့ဒီ အစ်မကဆိုလျှင် တကယ့်ကောင်းပေ့ ဆွေးပေ့ ထိပေ့ဆိုသည့် သီချင်းလေးတွေပဲ ရှာဖွေထည့်ထားသည်။


ကျနော်သည် ဆွေးရ လွမ်းရမှာကို ကြောက်လန့်မိပေမယ့် လွမ်းပေ့ ဆွေးပါပေ့ဆိုသည့် သီချင်းလေးတွေကိုပဲ ကြိုက်နှစ်သက်နေသည်။ အဲ့ဒီ ကျနော်ခင်မင်ရသည့် အစ်မက တကယ့်ကို သဘောထား ပြည့်စုံသည်ဟုထင်သည်။ လူချင်းမတွေ့ရပေမယ့် စခင်မင်သည့်နေ့က စ၍ သူမကို သံယောဇဉ် တွယ်မိနေသည်။ သံယောဇဉ် တွယ်မိတယ်ဆိုသည်မှာ အထင်မလွဲလိုက်ပါနဲ့ တကယ့်ကို မောင်နှမအရင်းလို ခင်မင်ချစ်ခင်မိ နေတာပါ။ သူမနဲ့သာ အပြင်ဘက်မှာ ဆုံတွေ့လိုက်လို့ကတော့ ဆိုးဆိုးနွဲ့နွဲ့ကြီးနှင့် ကလေးပေါက်စလေး တစ်ယောက်ကဲ့သို့ ဆိုးနွဲ့ပစ်မှာ သေချာသည်။ ဆိုးနွဲ့သည်ဆိုသည်မှာ မုန့်ဖိုးတောင်းမည် ဟိုဟင်းမျိုးစားချင်သည် သည်ဟင်းမျိုးစားချင်သည် လုပ်ကျွေး ချက်ကျွေး ၀ယ်ကျွေးစသည့်တို့ပေါ့ဗျာ။ လူကြီးဖြစ်လျက်နှင့် အဲ့ဒီလိုမျိုး ဆိုးသည် ဆိုတာသည်လည်း တစ်ခါတစ်လေပေါ့ဗျာ။ အမြဲတမ်း ဆိုးနေသည် ဆိုလျှင်လည်း သူမက ဘယ်ခံနိုင်ပါ့မလဲဗျာ။ လူမပြောနှင့် သဘောကောင်းပါတယ်ဆိုသည့် ချစ်တော်အမွေးဖွား ကြောင်လေးလည်း ဒီလူတကယ့်ကို မျက်စိနောက်သည်ဆိုပြီး လက်သည်းထုတ်ပြီး ကုတ်ခစ်ပစ်သေချာသည်။

ဟိုတစ်နေ့ ကျနော်သည် ပျင်းပျင်းနှင့် အိမ်ကခွေးလေးတစ်ကောင်နဲ့ ဆော့နေခဲ့သည်။ အဆော့သန်ပါသည်ဆိုသည့် ခွေးလေးတောင်မှ ကျနော့်ကို အရှုံးပေးခဲ့ရသည်။ ဒီလိုပါ… ကျနော်သည် ကုလားထိုင်လေးတစ်လုံးကို ဆွဲယူပြီး အပြင်ဘက်မှာ စာတစ်ပိုဒ်နှစ်ပိုဒ် ဖတ်မည်ဟုကြံသည်။ ဟောဗျာ… တံခါးပေါက်ဝ ရောက်ရုံသာရှိသေးသည် ခွေးလေးက ကျနော့်ကို သူနှင့်ဆော့ဖို့ စောင့်ကြိုနေသည်။ အစကတော့ ဆော့ဖို့စိတ်ကူးမရှိခဲ့ဘူး နောက်တော့ ခွေးလေးကိုမြင်တာနဲ့ပဲ ဆော့ချင်စိတ်က ပေါ်ပေါ်လာသည်။ ကျနော်က ကဲ့ကဲ့ မထူးတော့ပါဘူး မင်းက ဒီလောက်ဆော့ချင်သပ ဆိုလျှင်လည်း လာလိုက်လေရော့ ဆိုပြီး ကုလားထိုင်ရော စာအုပ်ပါ ခဏအသာထားပြီး လာလေရော့ဆိုပြီး သူ့ဆီကို ကျနော်ပြေးသွားသည်။ ခွေးလေးက အနားကပ်မခံ အိမ်ကို ပတ်ပြေးလေပါရော ကျနော်လည်း လိုက်ဖမ်းသည်။ ခွေးလေးက အဖမ်းမခံ ဘယ်ညှာလှည့်ပြီး အိမ်ပတ်ပြေးနေသည်။

ကျနော် ခဏရပ်လိုက်ပြီး စဉ်းစားသည်။ ဒိုင်းခဏခနဲ အတွေးတစ်ခုဝင်လာသည် “ငါက မင်းထက် ထမင်းပိုစားနိုင်တယ်၊ ဒီတော့ မင်းက ထမင်းနည်းနည်းလေးစားပြီး ဘယ်လောက်ပြေးနိုင်မှာတဲ့လဲ” ဟုအတွေးပေါက်သွားပြီး ကျနော်သည် မရမက လိုက်ဖမ်းသည်။ အိမ်ကို သုံးလေးခေါက်လောက် ဘယ်ပြန်ညာပြန် ပတ်ပြေးလိုက်သည့် အခါမှာ ခွေးလေးက မောလာဟန်တူသည်။ ခွေးလေးက ဆက်မပြေးတော့ပဲ အဖမ်းလိုက်တော့သည်။ ဒါနဲ့ မပြီးသေးဘူး ကျနော်သည် သူ့ကို လက်တစ်ဖက်က ဖမ်းထားပြီး ကျန်လက်တစ်ဖက်က သူ့တစ်ကိုယ်လုံးနေရာစုံ လျှောက်ကလိထိုးလိုက်သည်။ ကြာလာတော့ ခွေးလေးက ဆော့ချင်စိတ် ပြေသွားသည်ဟုထင်သည် ဝေါက်ခနဲ အသံလေးထွက်ပြီး အတင်းရုံးထွက်သွားလိုက်သည်။ နောက်နေ့ နောက်နေ့တွေမှာတော့ ကျနော့်ကို လှမ်းမြင်သည်ဆိုလျှင်ပဲ ထွက်ပြေးဟန်ပြင်နေသည်။

တိုက်တိုက်ဆိုင်ဆိုင်ပဲ တစ်နေ့ သူငယ်ချင်းတစ်ယောက် အလည်ရောက်လာသည်၊ ပြီးတော့ သူက အစမရှိအဆုံးမရှိနဲ့ ဟေ့ကောင်ကြီး မင်းချစ်တော်လေး မတွေ့ရပါလား။ ဧကန္တ သူ့ကို ထမင်းမကျွေးနိုင်လို့ ထွက်ပြေးသွားတယ်ထင်တယ်။ ဟာ..မင်းကလဲ ဘယ်က ထမင်းမကျွေးနိုင်ရမှာလဲ၊ ဟိုတစ်နေ့က ငါအဆော့လွန်သွားလို့ ငါ့ကိုလန့်လန့်နေတာ ဒီနေ့အထိပဲ မေမေမရှိရင် သူအိမ်မှာ မနေရဲတော့ဘူး ဟိုအိုက်ယွမ်းတို့အိမ်ကိုပဲ သွားသွားနေနေတာ ခေါ်လဲမလာဘူး ဟုကျနော်ပြောလိုက်တော့ သူက မင့်နှယ် တော်တော့်ကို အဆော့သန်တဲ့ကောင်ပဲ ခွေးမပြောနဲ့ ငါတောင်မှ လန့်နေရတာဟု ပြောသည်။ ကျနော်က ဟေ့ဟေ့ ဟေ့ကောင် ငါက ဘာမို့လို့ မင်းက လန့်နေတာလဲဟု မေးတော့ သူက ဟ…လန့်တာပေါ့ တစ်ခါတစ်လေ မင်းက ဆော့တဲ့နေရာမှာ မျောက်ထက်ဆိုးတယ် ခြေလက်ဆော့ရုံမကဘူး ပါးစပ်ပါဆော့တယ်၊ မင်းမသိဘူးလား ဟိုတစ်နေ့ မင်းပါးစပ် ဆော့လိုက်လို့ ငါ့ကောင်မလေးတောင် ငါ့ကို အထင်လွဲသလိုလို ဖြစ်သွားတယ်။ ဟာ… ဟုတ်လား၊ အဲ့ဒီနေ့က ငါဘာပြောလိုက် လို့လဲ ဘယ်နေ့လဲကွဟု သိသိနှင့် ကျနော်ရစ်လိုက်သည်။ သူက ဟိုတစ်နေ့က မင်္ဂလာဆောင်ပွဲမှာလေကွာ ငါ့ကောင်မလေး ရှေ့မှာ မင်းက ဟေ့ကောင် မင်းမပြန်သေးဘူးလား မျှော်နေရော့မယ်နော်လို့ မင်းပြောလိုက်တာလေကွာ အဲ့ဒါ နစ်ကိုကတည်းက ငါ့ကိုသိပ်မယုံ စိတ်မချတဲ့ ငါ့ကောင်မလေးက သူနဲ့ဆိုလျှင် နင့်ရည်းစား ဘယ်နှစ်ယောက်ရှိလဲပေါ့၊ နင့်ကို ငါမယုံဘူး ဘာညာ ဘာညာပြောပြီး ငါ့ကိုအဆက်အသွယ်ဖြတ် ထားတာ ကံကောင်းလို့ ဒီနေ့ သူဈေးအပြန် လမ်းခွမှာဆုံပြီး သူ့ကိုမနည်း ယုံကြည်လာအောင် ပြောပြ ရှင်းပြ ရင်ဖွင့်ခဲ့ရတယ်။ မင်းအဆော့ နည်းနည်းလျှော့သင့်တယ်၊ ခြေဆော့ လက်ဆော့က သိပ်အရေးမကြီးဘူး ဒါပေမယ့် နင့်ပါးစပ်ကြီးဆော့နေတာကို လန့်လန့်နေရတာဟု ဆိုသည်။ ငါဆို မင်းကို သူငယ်ချင်းဖြစ်နေလို့သာ နို့မို့ဆိုရင် တွေ့တိုင်းတွေ့တိုင်း နှားအုံကြီးကို ဖျန်းခနဲ ဖျန်းခနဲ ရိုက်ပစ်ချင်တာတဲ့။ အောင်မလေး…လေး… တော်ပါပြီ ကျော်ပါပြီ ခြေလည်းမဆော့တော့ဘူး လက်လည်းမကလိတော့ဘူး၊ ပါးစပ်လည်း မဟရအောင် ပီကေကို လေးငါးလုံးလောက် တခါတည်းငုံထားမည်။ ဆိုလိုတာက အမြဲတမ်းဆိုးနွဲ့နေလျှင် မိဘတောင် စိတ်မရှည်နိုင်ဘူးလို့ ပြောချင်လို့ပါ။

အဲ့ဒါနဲ့ ကျနော်က ကိုယ်မှားခဲ့တာကို သိနေတော့ အဲ့ဒီကောင်ကို ဘာညာဆင်ခြေမပေးတော့ပဲ ဟ..ဟေ့ကောင် မင်းအတော်ကံကောင်းတယ် သိလားဟု ကျနော်စကားလွဲလိုက်သည်။ သူက ဘာလဲဟ မင်းဟာ အစမရှိအဆုံးမရှိ။ ကျနော်က မင်းမသိပါဘူး မင်းအတော့်ကို ကံကောင်းတယ် ငါ မနေ့က ၀ယ်ထားတဲ့ ဘီယာနှစ်လုံး ကျန်နေသေးတယ်ကွ၊ င့ါကုတင်အောင်မှာလေ လှမ်းယူလိုက်၊ အင်း… ပြောရအုန်းမယ် မင်းမို့လို့ ငါတိုက်တာဟု ကျနော်ပြောသည်။ သူက ဟာ… တော်တော်ကို ရှာရှည်တဲ့ကောင်ပဲ ငါ့မတိုက်ရင် မင်းဘယ်သူ့ကို တိုက်မှာတဲ့လဲ၊ အရေးထဲ ဆရာကြီး စတိုင်ဖမ်းနေသေးတယ်။

ကျနော်တို့နှစ်ယောက်သည် ဘီယာတစ်လုံးစီထိုင်သောက် တိုလီမိုလီပြောရင်း ကျနော်က စောစောက ထည့်ထားတဲ့ သီချင်းလေးတွေကို ဖွင့်လိုက်ပြီး… ဟူး… လွမ်းတယ်ကွာ ငါ့ကောင်ရာဟု ကျနော်ငြီးငြူလိုက်တော့ သူက အောင်မာ.. မင်းက ခံစားတတ်တဲ့ ရင်ဘတ်ရှိရဲ့လား တဲ့။ ကျနော်က ဒီမှာ ဟေ့ကောင် ငါ့မှာ ခံစားခွက်တွေ သိမ်းထားနိုင်တဲ့ ရင်ဘတ်အကြီးကြီးပဲ၊ အင်ဂျီချွတ်ပြရမလားဟု ပြောလိုက်သည်။ သူက ဟာ… နေနေ မချွတ်နဲ့ မချွတ်နဲ့ မင့်ရင်ဘတ်ကြီး မကြည့်ချင်ပါဘူး၊ ၀ဲချောက်ရာတွေကြီးနဲ့ တဲ့လေ။

အဲ့ဒါနဲ့ သူက ကျနော်ကို ဆက်မေးသည်၊ မင်းက အတော့်ကို လွမ်းတတ်နေပါလား သူငယ်ချင်းရ၊ မင်းမှာ ချစ်သူဘယ်နှစ်ယောက်ရှိလဲ၊ ငါ မင်းကို ကြည့်ကြည့်နေတာ တစ်ခါတစ်လေ မင်းက တကယ့်ကို ရင့်ကျက်တဲ့ ပုံစံနဲ့ပဲကွ၊ ဘယ်ကောင်မလေးကိုမှ ရည်းစားစကား လိုက်ပြောတာ မတွေ့မိသေးဘူး။ တစ်ခါတစ်လေ မင်းကို ငါအားကျမိတယ်ကွာ။ ဟ..ဟ.. ဟေ့ကောင် မြှောက်မနေနဲ့ တိုက်စရာ ဘီယာလည်းမရှိတော့ ဘူး၊ ရေအေးပဲကျန် တော့တယ်။ ဒီမှာ ငါ့ကောင် မင်း ငါ့ကို အားကျမနေနဲ့ဟေ့၊ ငါအဲဒီလိုနေနေတာ ငါ့ကို ဘယ်ကောင်မလေးမှ မကြိုက်လို့ သိပြီလား။ ဟို.တစ်နေ့ မနွမ်းယဉ်ကို ရည်းစားစကားလိုက်ပြောတာ ငါ ဘာသွားပြောမိ လိုက်လေတော့မသိဘူး ပါးနှစ်ခြမ်းစလုံး အရိုက်ခံလိုက်ရတယ်၊ ဖြန်းခနဲ ဖြန်းခနဲပဲ၊ စပ်လိုက်တာ ငါ့ကောင်ရာ။ ဖြစ်နိုင်ရင် အဖေ့ကို ပြောပြီး ရွာရွှေ့ချင်စိတ်တောင် ပေါ်ပေါ်လာတယ် ရှက်လွန်းလို့။ ဒီတော့ ဟိုကောင်က ဘာပြောလိုက်တယ်မှတ်လို့ “အေး အေး မင်းတို့အိမ်ရွှေ့ချင်ရွှေ့ ၊ ရွာကိုတော့ မရွှေ့ နဲ့ ဒီရွာမှာ ငါ့ကောင်မလေးရှိသေးတယ် တဲ့လေ”။ ။

ဤမျှသာ။ ။

လေးစားစွာဖြင့်
စိုင်းလင်းတိုင်း

မန္တလေးမြို့သို့ တစ်ခေါက်

ကျနော်သည် မန္တလေးမြို့ကြီးကို သုံးနှစ်လောက် ဝေးနေရပြီးမှ တစ်နေ့ ကျွန်ုပ်သည် မန္တလေးမြို့သို့ အလည်တစ်ခေါက် ပြန်ရောက်ခဲ့လေသည်။ တည်းခိုစရာကတော့ များများစားစား မရှိပါဘူး၊ ၃၆လမ်းက ခင်မင်ရင်းနှီးသည့် ကျောက်မဲက အစ်မတစ်ယောက်၏အိမ် တစ်အိမ်တည်းရှိသည်။ တည်းခိုခန်းဆိုတာ မျှော်တောင်မျှော်မကြည့်ရဲ၊ မွှဲချက်ကတော့ ကမ်းကုန်သည်။ အစ်မကတော့ မန္တလေးမြို့မှာ အိမ်ထောင်ကျတာ ဆယ်နှစ်လောက် ရှိခဲ့ပြီ။


သိကြတဲ့အတိုင်းပဲ ကျွန်ုပ်သည် တောသားပီပီ ရွာမှာနေသကဲ့သို့ နေရိုးနေစဉ်အတိုင်း နေတတ်တာကြောင့် အိမ်ထဲမှာလည်း ခေါင်းပေါင်းကြီးနှင့် နေနေတတ်သည်။ တောသားတိုင်းတော့ မဟုတ်ပါ၊ တစ်ချို့ဆိုလျှင် တောကလာပေမယ့် အထင်သွားမသေးလိုက်လေနဲ့ စတိုင်က မြို့သားနှင့် ရင်ပေါင်တန်းနေအောင် နေတတ်ထိုင်တတ်သည်၊ ဤနေရာ၌ ကျနော်၏ စတိုင် ကျနော်၏ ပြုမှုနေထိုင်တတ်သည်ကိုသာ ရည်ရွယ်ပါသည်ဟု ကြိုတင်ပြောပါရစေ၊ တော်ကြာ တစ်ချို့က အဲ့ဒီလောက် သိက္ခာချရတာလားဆိုပြီး ၀ိုင်းလာကာမှဖြင့် ခက်ပေရော့မည်၊ ပြေးစရာမြေမရှိဘူး။

ဒီလိုနှင့် သုံးရက်လောက်ကြာလာတော့ ကျွန်ုပ်အစ်မက မပြောမနေနိုင်တော့ပဲ “ဟေ့  အိုက်နောင့် (အိုက်နောင့် ဆိုတာ ဗမာလို မောင်လေးပေါ့) နင်ကတော့နော် အိမ်ထဲ နေမပူ မိုးမရွာ ဆောင်းတွင်းလည်း မဟုတ်ဘဲနဲ့၊ နင့်ခေါင်းပေါင်းကြီး ချွတ်ထားစမ်းပါ၊ မျက်စိကို အတော်အမြင်ကပ်လာပြီနော်၊ မြို့ရောက်ရင် မြို့သားလိုနေပေါ့ဟေ့၊ ဒီရုပ်ကြီးနဲ့ ငါ့မိတ်ဆွေတွေ လာလည်လို့ တွေ့သွားရင့့်  ” ဟုပြောလိုက်သည်။ သူမစိတ်ဆိုး၍ ပြောနေသည် မဟုတ်မှန်းတော့ သိသာသည်၊ အားမလို အားမရတဲ့ ပုံစံနဲ့ပြောတာပါ၊ ဒါကို ကျွန်ုပ်နားလည်သည်။ ဘယ်သူမဆို ကိုယ့်နဲ့မောင်နှမလို ရင်းနှီးသည့်သူမှန်သမျှ ကိုယ်နှင့် ပတ်သက်သည့်သူကို စုပ်ပြတ်ပြတ်နှင့် မမြင်ချင် မတွေ့ချင် မဖြစ်စေချင်ပါ။ စမတ်ကျကျနဲ့ဘဲ မြင်ချင်တွေ့ချင် ဖြစ်စေချင်ကြသည်။ အခုတော့ ကျွန်ုပ်သည် စုပ်ပြတ်တသတ်နှင့်မို့ သူမပြောတာ လွန်မယ်မထင်။

ပြီးတော့ သူမသည် ကျွန်ုပ်၏ ခေါင်းပေါင်းကို အတင်းဇွတ်ဆွဲ ချွတ်ချလိုက်ပြီး၊ “သွားသွား ခုချက်ချင်း ရေသွားချိုးလိုက်၊ ပြီးရင် ဒီကိုပြန်လာခဲ့ ကြားလား ငါပြောတာ”ဟု သူမပြောသည်။ ကျွန်ုပ်က ဟုတ်ဟုတ် ဆိုပြီး ရေချိုးခန်းသို့ တန်းပြေးသွားသည်။ အစ်မက မကြားတကြားနှင့် လှမ်းပြောသည် ဟေ့ ဟေ့ ကောင်းကောင်းသွား မကြီးမငယ်နဲ့ ချော်လဲနေအုန်းမယ်၊ အိမ်က မွေးစားခွေး ငနီလေးလိုပဲ အပြေးကိုသန်လွန်းတယ်။ အောင်မလေး… နေရင်းထိုင်ရင်း လူစင်စစ်ကနေ အစ်မ၏ မွေးစားခွေးလေး ချက်ချင်းဖြစ်သွားခဲ့သည်။ အင်း…လေ… မွေးစားခွေးပဲဖြစ်ဖြစ် မွေစားသည့်ခွေးပဲဖြစ်ဖြစ် အစ်မဆီမှာ နေရတာစိတ်ချမ်းသာသည်။ အစ်မ အရင်းမဟုတ်ပေမယ့် အစ်မအရင်းထက် သူကပိုလို့တောင် ကျွန်ုပ်ကို ချစ်သေးသည်၊ ကျနော့်ကို ကလေးလေး တစ်ယောက်ကဲ့သို့ သဘောထားသည်။ အိမ်က အစ်မအရင်းကတော့ အမြင်မတော်လျှင် နှားအုံဖြတ်ရိုက်တတ်သည်။

ကျနော်သည် ရေချိုးပြီး အစ်မဆီ ပြန်လာခဲ့သည်။ ပြီးတော့ သူမက ဂျင်းဘောင်းဘီတစ်ထည် စွပ်အင်းဂျီနှစ်ထည် ယူလာပြီး ၀တ်ခိုင်းသည်။ အဲ့ဒီ အချိန်မှာ ကျနော့်တူလေး နှစ်ယောက် ကျနော့်ကြည့်ပြီး ပြုံးနေသည်၊ အစ်မ၏ ရင်သွေးလေးတွေပေါ့။ အစ်မကြီး၏ ယောကျားကတော့ အေးသည်၊ ဘာမှမပြော ကျနော့်ကိုကြည့်ရင်း တဟင်းဟင်းနှင့် ရယ်နေသည်။ ကျနော်သည် အ၀တ်အစားဝတ်ပြီး အစ်ကို့ကို “ကိုကြီး ဘယ်နှယ့်လဲ ကျနော်ရဲ့ တောသားစတိုင် ပေါက်သေးလား ဟုလှမ်းမေးသည်” မမျှော်လင့်ပါဘူးဗျာ ဒီလောက်အေးသည့် လူတစ်ယောက်က ဟက်ဟက်ပက်ပက်ကို ရယ်ပြီး ပြောချလိုက်တာ “ညီလေးရာ နင့်ပုံက ဘယ်လိုပဲ ပြောင်းပြောင်း သူတောင်းစားလေးရုပ်က မပျောက်ဘူး” ရှင်မရေ ကြည့်ပြင်ပေး လိုက်ပါအုန်း နင့်မောင်ကို၊ ငါ့အမြင်ထဲမှာတော့ ဟို…. မြောင်းကြားထဲ ကန်ချခံရပြီး ပြန်တက်လာတဲ့ ဟာနဲ့တူနေတယ် ဟူ၍….။


လေးစားစွာဖြင့်
စိုင်းလင်းတိုင်း

ခါကျင်ကိုက်လို့


ယုံရမှာလား ရင်ထဲမှာ စမ်းတစ်ဝါးဝါးနှင့်ပေါ့။ ကျနော်ရင်ထဲမှာ အိပ်ချင်သလိုလို၊ တစ်ခုခုကိုပဲ ဆာနေသလိုလို၊ ထမင်းစားရမလား ဟင်းသက်သက်ပဲစားရမလား တကယ့်ကိုပဲ စမ်းတ၀ါးဝါးနဲ့။ အဲ့ဒီလို ရင်ထဲမှာ ဟာတာ အင်ဒင်ဒင် ရေငတ်နေလဲမဟုတ် တကယ်ရေဆာတယ်လို့ ပြောရင်လဲ ရေဗူးက အနားမှာ အဆင်သင့်၊ ရေဗူးကို ဆက်ခနဲ ဆွဲယူလိုက်တာ အဖုန်းဖွင့်ပြီး သောက်မယ်ကြံတော့လည်း ကိုယ့်ကိုကိုယ် ရေဆာတာမဟုတ်မှန်းသိနေတော့ အဖုံးပြန်ပိတ်ပြီး ရေဗူးကိုပြန်ချထားသည်။


ဟိုမနေ့က ချစ်တော်ကြောင်ဖြူမလေး အဖြစ်ပြောရလျှင် အားလည်းအားနာမိပါရဲ့၊ မပြောလျှင်လည်း ကျနော်အဖြစ်နဲ့ကိုက ဆင်တူလွန်းနေသည်။ ကြောင်မလေးခများ လူ့စကား မပြောတတ်၍သာ လူစကားသာဂြောများ ဂြောတတ်လျှင် ကျနော့်ကို ရစရာမရှိအောင် အပြစ်ဆိုမှာသေချာသည်။
ဒီလိုခင်ဗျာ… ကျနော်က ပိုက်ဆာဆာနဲ့ ငပိကျော်လေး ချက်စားခဲ့သည်။ ငရုပ်သီးလေး စပ်စပ်လေးနဲ့ပေါ့ဗျာ။ ပိုက်ဆာလွန်းလို့ လက်ကတုန်ရင်နေသည်။ ထမင်းပန်းကန်က တစ်ဖက်၊ ငပိကြော်ခွက်က တစ်ဖက်နဲ့မို့ ရုပ်တရက် ဘယ်ဖက်ကကိုင်ထားသည့် ငပိပန်းကန် ကြမ်းပြင်ပေါ်လွှတ်ကျသွားခဲ့သည် အကုန်လုံးနီးပါးဆိုပါတော့ဗျာ။ ဒီနေ့အဖို့ ကျနော့်အတွက် ဒီဟင်းကလွဲ၍ အခြားဟင်းလျာမရှိတော့ပါ။
ဒါကြောင့် ကြမ်းပြင်ပေါ်မှာ ပျံ့ကြဲနေသည့် ငပိကြော်ကို ပေကျံ၍ ကပ်နေသည့် ဆီမှလွဲလို့ အကုန်နီးပါး ပြန်လည်ကာ ပန်းကန်ထဲထည့်သည်။ သူများမြင်ရင်တော့ ရှက်စရာကြီးပေါ့ခင်ဗျား၊ ဒါပေမယ့် သူများဆိုတာ ထိုင်ကြည့်နေသည့် ကြောင်ဖြူမလေးကလွဲ၍ မရှိပါဘူးလေ။
ဒီလိုနှင့် ကျနော်ထမင်းစားနေချိန် ကြောင်မလေးက တငြောင်ငြောင်နဲ့ ဟုပြေးဒီပြေးနဲ့။ ကျနော်က ကြောင်မလေး ပိုက်ဆာသည်ဟုပင်ထင်ခဲ့သည်။ ကျနော်က ထမင်းစားရာမှ ခဏရပ်ပြီး သေချာကြည့်လိုက်သည်။ အော်လက်စသတ်တော့ ကြောင်မလေးက ကျနော်က မဆင်မခြင်နဲ့ လွတ်ကျခဲ့သည့် ငပိဆီတည့်တည့်နေရာကို သွားထိုင်မိလို့ပါခင်ဗျား။
အဲ့ဒီတော့ ကျနော် တစ်ခု အတွေးပေါက်သွားသည်၊ ကျနော်သည် အပြင်ကိုချက်ချင်းပြေးထွက်သွားသည်။ ဘယ်ကိုမှမဟုတ်ပါဘူး ထမင်းဆိုင်ကိုပါ။ ထမင်းဆိုင်မှ ငါးကြော်နှစ်ကောင်ကို မရမက အကြွေးနဲ့ယူလာပြီး ငရုပ်သီးစပ်လို့ ဆောက်တည်ရာမရ ဖြစ်နေသည့် ကျနော့် ကြောင်မလေးကို ကျွေးလိုက်သည်။
အဲ့ဒီအခါကျမှ ကျနော့် ကြောင်မလေးက ငါးကြော်ကို အငန်းမရ စားရင်း ငြိမ်သွားလေတော့သည်။ ဆိုလိုတာက ကျနော့်အဖြစ်က အဲ့ဒီလိုပဲလို့ ပြောပြချင်တာပါ။ ဘာပြုလို့ မသိတတ်သည့် သနားစရာ ကြောင်မလေးကို နမူနာ အဖြစ်ပြောပြရတာလဲဆိုရင် ကျနော့် အနားမှာ ဘာရယ်ဘာမှ မရှိ၊ ကျနော်တို့ဘက်မှာ သိသည့်အတိုင်း စီးပွါးဥစ္စာဆိုတာ တစ်နေ့စာအတွက် ရှာထွက်အောင် ရှာပေမယ့် တစ်ဝမ်းတည်းတောင်မှ မလုံလောက်ဘူးလေဗျာ၊ အဲ့ဒီတော့ ကျနော့်အနားမှာ ပြစရာနမူနာ သက်ရှိသတ္တ၀ါ …အဲ့လေ…လူဟူ၍ ဘယ်ရှိမှာလဲဗျာ။ ဆင်းရဲလျှင် လမ်းဘေးက သူတောင်းစားတောင် ကိုယ့်ကို လှည့်မကြည့်ဘူးဆိုပဲ။
မနေ့ညက ကျနော် သိပ်စွဲလမ်းမိသည့် ဟိုဘက်ရပ်ကွက်က ပျိုပျိုကြီး(အပျိုကြီး)ကို ဈေးဆိုင်မှာ ခဏတွေ့လိုက်လို့ မျက်လုံးလှမ်းချိတ်လိုက်တာ သူက နှုတ်ခမ်းကြီးရွဲ့ပြသည်။ အောင်မာ.. ဒီကောင်ကတော့ ဟ… ဆိုပြီး ရင်ခုန်သွားသည်။ ဟုတ်ပြီ နောက်တစ်ခါဆိုရင် ရည်းစားစကားလေးတော့ ပြောခွင့်ရလောက်သည် ဆိုပြီး ရင်ထဲမှာ ကျိတ်ပြီး ပီတိဖြစ်နေလေပါရဲ့။ အောင်မလေး… အိမ်ပြန်တာကိုတောင် ကောင်းကောင်းလမ်းလျှောက်မပြန်ဘူး နှစ်နှစ်ကျောင်းသား ကလေးငယ်တစ်ယောက်ကဲ့သို့ ခုန်ဆွခုန်ဆွနဲ့ဗျ။ ရုတ်တရက် အိမ်ဘေးချင်းကပ်နေသည့် မုဆိုးမလေးတစ်ယောက်နဲ့ တိုးမိတာ အဲ့ဒီအခါကျမှဗျာ ကျနော်အဖြစ်က ဟို…ကောင်မလေးတစ်ယောက်၏ တင်လုံးလုံးလေးကို သွားကိုင်မိပြီး လူလယ်ကောင်မှာ ပါးအရိုက်ခံရပြီး မျက်နှာနီရဲရဲကြီးနှင့် ချွေးဇောပျံသွားသည့် စပယ်ယာကားတစ်ယောက်ပမာ ဟီး…ဆိုပြီး ဟိုကုတ်ဒီကုတ်နှင့် လုပ်လိုက်တာလေ။ ဟို.. မုဆိုးမလေးက ကျော်မသွားဘူးဗျာ အရေးထဲ ကျနော့် ရပ်ကြည့်နေနေသည်။ ကျနော်ကတော့ မာန်ကိုယ့်ကို ဟန်သူ့ကိုလား ဟန်ကိုယ့်ကို မာန်သူ့ကို ဆိုလားဘာလား (ဗမာစကားမကျွမ်းကျင်တော့ စကားနှစ်ခွရေးထားသည် :) ) မယားဘဲနဲ့ ကုတ်နေသည်။ သူက ကျနော့်ကို အစောကြီးက ကြိုက်နေလေတော့ စိုးရိမ်စွာနဲ့မေးလိုက်သည် ဘာဖြစ်နေလဲလို့ပေါ့။
ကျနော့်ကလည်း ပျိုပျိုကြီးတစ်ယောက်တည်းကိုမှ စွဲလမ်းချစ်မိနေတာ ဒီမုဆိုးမလေးကိုတော့ မောင်နှမသဘောမျိုးနဲ့ပဲခင်တာ။ အဲ့ဒီတော့ ကျနော်က ဟေ့ဟေ့ နင်သွားမှာသာ သွားစမ်းပါ ဒီမှာ ခါကျင်ဝင်ကိုက်လို့… အားပါးပါး.. နားလိုက်တာ ငါ.. ငါ.. ဘောင်းဘီချွတ်လိုက်တော့မယ် မနေနိုင်တော့ဘူးဟု ပြောလိုက်ကာမှ မုဆိုးမလေးခများ မျက်နှာနီရဲသွားပြီး ဟင်း… အတော်ဆိုးတဲ့ မောင်ကြီးဆိုပြီး နောက်လှည့်မကြည့်ပဲ ပြေးသွားပါတော့သည်။။

ဒီတစ်နေ့ ဤမျှနှင့်သာ ကျေနပ်ပါ။

စိုင်းလင်းတိုင်း

အီကွာပဲ



ပို့စ်အသစ်လေး တင်နိုင်ဖို့အတွက် ရေးစရာ ရှာလို့ သိပ်မတွေ့လေတော့ အတွေးလွန်သမား တစ်ဖြစ်လည်း ကျွန်ုပ်သည် တွေးမိတွေးရာ ဟိုလွန်ခဲ့တဲ့ သုံးနှစ်နီးပါးလောက်က ဟာသဆန်ဆန် မအူမလည် ဇာတ်လမ်းဟောင်းလေးတစ်ခုကို ပြန်ပြောင်းမြင်ယောင် သူငယ်ချင်းများ ပျော်ရွှင်ရအောင် ဆိုတဲ့ရည်ရွယ်ချက်နဲ့ ဒီလိုကောက်ကာငင်ကာ ချရေးလိုက် သည်မှာ..

ကျွန်ုပ်မှာ အချစ်ဆုံးသူငယ်ချင်း တစ်ယောက်ရှိခဲ့ဖူးသည်၊ အိမ်နီးနားချင်း ဆိုရင်လည်းရသည်၊ အိင်္ဂလိပ်စကား ထည့်ပြောရလျှင် ``နီးပါးဟုတ်`` ဆိုလားဘာဆိုလား။ သူတို့က ကျွန်ုပ်တို့ထက် သာချမ်းသည် အဲလေ.. ချမ်းသာသည်။ ကဲ့.. နီးပါးဟုတ်ဟုတ် မဟုတ်ဟုတ် ထားပါတော့လေ တကယ်လည်း အိမ်ချင်းကပ်နေတာကိုး။

အဲ့ဒီတုန်းက အိပ်လိပ်စကားဆိုလို့ ``အိုးကယ်`` တစ်လုံးပဲ ကျွနုပ်ပြောတတ်သည်။ ခုတော့ အတော်ပြောနိုင် တယ်လို့ဆိုရမည်။ ဘာပြုလို့လဲ ဆိုတော့ ကျွန်ုပ်က အမေးအမြန်း သိပ်ထူသည်၊ အပြောသန်သည်။ ဟိုတစ်နေ့က မြန်မာစကားလုံးမှာ ပေါက်ပေါက်ရှာရှာနဲ့ ရှာရှာပေါက်ပေါက် ဘယ်လိုကွဲတာလဲလို့ သူငယ်ချင်းတစ်ယောက်ကို မေးလေတော့ သူက ``ဟာ ငါ့နှယ်… ပေါက်ပေါက်ရှာရှာပဲဖြစ်ဖြစ်၊ ရှာရှာပေါက်ပေါက်ပဲ ဖြစ်ဖြစ်၊ ရှာပေါက်ရှာပဲ ဖြစ်ဖြစ် ဟိုမှာတွေ့လား ပေါက်တူးထမ်းလာတဲ့လူကိုတွေ့လား`` အင်း.. တွေ့တယ် ဘာဖြစ်လို့လဲ လို့မေးတော့ သူက ``အေး.. အဲ့ဒါ ရှာရှာပေါက်ပေါက်ပဲကွာ့`` ဟူ၍ပြောချလိုက်လေတော့သည်။ အတည့်ဆုံးနဲ့ အရှင်းဆုံး အဖြေမှန်ပါပဲ။ သူငယ်ချင်း အတော်များများ ကျွနုပ်နှင့် သိပ်စကားမပြောချင်ဘူး၊ လမ်းဆုံလျှင်တောင်မှ နောက်ပြန်လှည့် သွားတတ်ကြသည်။ သူတို့က ကျွနုပ်နှင့် စကားပြောရတာ အဆင်မပြေဘူး၊ နားသိပ်မလည်ဘူး၊ အမေး အမြန်းလည်း အလွန်ထူတယ်လို့ ပြောကြသည်။ ဒါပေမယ့် ကျွနုပ်၏ အချစ်ဆုံးသူငယ်ချင်းကတော့ နားရည်ဝပြီးသား ထူပြီးသားဖြစ်နေ၍ ကျွန်ုပ်နှင့်ပေါင်းနိုင်သည်။

နံနက်ခင်းနေ့တစ်နေ့မှာပေါ့ ကျွနုပ်တို့နှစ်ယောက် လ္ဘက်ရည်သောက်ရန် အတူတူသွားကြသည်၊ ဆိုင်ထဲရောက်တော့ ကျနော်က ``ဟ.. ဒီနေ့တော့ ကျဟန်တာပဲ ရှင်းလိုက်တာလူ``ဟု ပြောလိုက်ပြီး ထိုင်ခုံပုလေးတစ်လုံး ဆွဲထိုင်လိုက်ပြီး စားပွဲကောင်လေးတစ်ယောက်ကို လှမ်းမှာ လိုက်သည်။ ``ဟိုဟေ့ ညီလေး ဆိမ့်ချိုတစ်ခွက်နဲ့ ပလာတာဥကြက်``။ စားပွဲထိုးကောင်လေးက ``ဗျာ``ဆိုပြီး နားမလည်ဟန်ဖြင့် ပြန်မေးတော့ ကျွနုပ်သူငယ်ချင်း ``ဒီကောင်က ပန်းစကားပြောနေကြ၊ ဂရုနာနည်းတဲ့ ရဲနဲ့တွေ့ရင်တော့ ပါးအထပ်လိုက် အထပ်လိုက် ရိုက်ခံရမှာသေချာတယ်၊ ကဲကဲ့… ချိုဆိမ့်နှစ်ခွက်နဲ့ ကြက်ဥပလာတာ နှစ်ချပ်ယူခဲ့``။

ဒီလိုနဲ့ လ္ဘက်ဆိုင်မှာ အတန်ကြာထိုင်ရင်း ဟိုအကြောင်းဒီကြောင်း ပြောရင်း ကျွန်ုပ်က ``ဟေ့. ဟေ့ကောင် မင်းချင်သွားလား``၊ သူက သိသိနှင့် ရွဲ့ပြောတာလားတော့မသိ ``ဟေ့ကောင်.. ငါက ဘယ်သူ့ကိုမှ မချဉ်ဘူးကွ၊ လူတွေအားလုံးက အီကွာပဲ၊ ကဲ့ကဲ့.. ပြန်မယ်ကွာ၊ ဒီနေ့ ငါ အလုပ်ဆင်းရအုန်းမှာ``။ အပြောင်းပြောင်း အပြန်ပြန်ဖြင့် အမြဲပြောတတ်သည့် ကျွန်ုပ်တစ်ယောက် အဲ့ဒီ ``အီကွာပဲ``ဆိုသည့် စကားလုံးကို နားမလည်လိုက်ဘူး။ မေးမယ်လို့ ပါးစပ်ဟလိုက်တာ သူက အထာသိပြီးသားမို့ ``ဘာလဲ မင်းမေးမယ် မဟုတ်လား၊ မမေးနဲ့ ဖြေချိန်မရှိဘူး``ဟု ပြောလိုက်တော့ မမေးလိုက်ခဲ့ဘူး။

ကျွန်ုပ်သည် ထူးဆန်းတဲ့ စကားလုံးဆိုလျှင် စိတ်သိပ်ဝင်စားတတ်လေတော့ အဲ့ဒီစကားလုံးကို ``ပဲအီကွာ`` ဒါမှမဟုတ် ``အီကွာပဲ``ဆိုပြီး တည့်တည့်တွေးကြည့်၊ ပြောင်ပြန်တွေးကြည့်ပေမယ့် နားမလည်ခဲ့ဘူး။ နောက်ဆုံးတော့ ဧကန္တ အီကွာပဲဆိုသည့် ပဲမျိုးကို သူဆိုလိုနေမှာပါဟု ကောက်ချက်ချလိုက်ပါတော့သည်။ ကျွနုပ်သည် တစ်ပြုံးပြုံးနှင့် တွေးလိုက်နေသည်။ အကြောင်းမှာ ``ဒီကောင် တော်တော်ကံကောင်းတာပဲ၊ လူတွေအားလုံးကို အီကွာပဲနဲ့ နိုင်းသွားတာ၊ ဒီနေ့ လ္ဘက်ဆိုင်ထဲမှာ လူရှင်းနေလို့၊ နို့မို့ဆိုင်ရင် မလွယ်လောက်ဘူး ဒီကောင် အတွယ်ခံရမှာ ကိန်းသေမလွဲပဲ``။

ညနေရောက်တော့ သူအလုပ်မှ ပြန်လာသည်။ ပြောပြချင်လို့ ပါးစပ်ကို ယားနေတော့ ခြံပေါက်ဝကနေ စောင့်ပြီး သူအရောက်မှာ ကျွန်ုပ်သည် ချက်ချင်းပဲ လှမ်းနုတ်ဆက်လိုက်သည်။ ဆက်ပြီးတော့ ကျွန်ုပ်က ``ဟေ့ကောင်.. ဘယ်လို့လဲ ဒီနေ့ အလုပ်အဆင်ပြေလား၊ ကြမ်းရည်နွေးလေးဘာလေး မော့ဝင်သွားပါလားကွ၊ မင်းကြည့်ရတာ အတော်ပန်းပင်လာတယ်``။ ဒါနဲ့ သူက ``ဟာ.. အရေးထဲ လာပြန်ပြီ ပြောင်းပြန် ၀င်တော့ဘူးကွာ၊ အိမ်မြန်မြန်ရောက်ချင်ပြီ၊ မင်းဘာပြောစရာရှိလို့လဲကွ ပြော ပြော အခု``။ ကျွနုပ်က ``အေး.. မနက်တုန်းက မင်း အတော်ကံကောင်းတာပဲ``။ သူက ``ဘာလဲ မင်းနှမ ငါ့နဲ့မင်္ဂလာဆောင်မယ်လို့ ပြောတာလား``။ ``ရှီးမှပဲ.. မင်းလိုကောင် ပလောင်တောင်ယောင် အချောင်သမားနဲ့ ငါပေးစားမလား၊ ဒီမှာ ဟေ့ကောင် မနက်တုန်းက လ္ဘည်ရည်ထဲမှာလေ မင်း လူတွေအကုန်လုံးကို အီကွာပဲဆိုတဲ့ ပဲမျိုးနဲ့ ခိုင်းနိုင်းသွားတာ၊ မင်း ကံသယ်ပေလို့ ဆိုင်ထဲမှာ လူရှင်းချိန်မို့လို့၊ နို့မို့ဆိုရင် သေမလောက်အောင် အတွယ်ခံရမှာ ကိန်းသေတယ်``။

ကျွန်ုပ်ကပဲ ဆက်ပြီး ``ဒါနဲ့ ဟေ့ကောင်… မင်းပြောတဲ့ အီကွာပဲဆိုတဲ့ ပဲမျိုး ငါ တစ်ခါမှ မမြင်ဖူးဘူး၊ အစေ့ တော်တော်ကြီးလား၊ မင်းတို့အိမ်မှာရှိလား ငါလိုက်ကြည့်မလို့``။ သူက ဟက်ဟက်ပက်ပက် ပိုက်ကိုဖိရင်း ရေလိုက်ပြီးမှ ``မင်းဘာတွေ လာပြောနေတာလဲကွ၊ အီကွာပဲဆိုတာ ငါတို့စကား မဟုတ်ဘူး ဟကောင်ရ၊ အိင်္ဂလိပ်စကား အိင်္ဂလိပ်စကားကွ နော် မှတ်ထားမသေမချင်း၊ အဲ.. ငါလို အိင်္ဂလိပ်စကား ပြောတတ် ဆိုတတ်အောင်လည်း လေ့လာအုန်းမှပေါ့`` တဲ့လေ။

သူပြောတာလည်း ဟုတ်ချင်ချင်ဖြစ်နေသည်။ ကျွန်ုပ်တို့ တောလက်ဒေသမှ တောင်ပေါ်သားတို့ ကျေးလက်ရွာမှာ မူလတန်းကျောင်း၊ အလယ်တန်းကျောင်းများ ရွာတိုင်းလိုလိုရှိကြသည်။ သို့ပေမယ့် အိင်္ဂလိပ်မဆိုလေနဲ့ မြန်မာစာတောင်မှ ကောင်းကောင်းရေး ဖတ်တတ်အောင် သင်မပေးနိုင်ကြဘူးလေ အိင်္ဂလိပ်စကားဆိုလျှင် ဝေလာဝေးပေါ့ခင်ဗျား။

ဒါနဲ့ ကျနော်က ဆက်ပြီး ``အိုးကယ်….. မင်း ငါတို့အိမ် တကယ်မ၀င်တော့လား၊ ခွေးလေခွေးလွင့် ထမင်းငတ် လာသလို သူ့သခင်အိမ်ကို အမြှီးတန်းနေအောင် ပြေးသွားတဲ့အတိုင်း တန်းပြန်တော့မလားဟ``၊ သူက ``အေး အေး ၀င်တော့ဘူး ပြန်တော့မယ် ခွေးပျင်းခွေအလို အိမ်ထဲအမြဲ ခွေအိပ်နေတဲ့ ..`` ကျနော်ကို လက်ညိုးထိုးပြီး ``ဒီခွေးလိုမျိုးတော့ မဟုတ်ဘူး၊ မှတ်ထား အီကွာပဲဆိုတာ `ကွာ ပြဲ အီ` ကွ၊ ပိုင်းပိုင်`` တဲ့လေခင်ဗျား။ အော် အော် အီကွာပဲ အီကွာပဲ။

ရင်းနှီးမှုများဖြင့်
စိုင်းလင်းတိုင်း